နိုင်ငံခြားသား ကုမ္ပဏီ ပိုင်ခွင့် ရမယ်

  • 7 ဒီဇင်ဘာ 2017
Image caption နိုင်ငံခြားသားတွေ ကုမ္ပဏီတခု ပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်ရှိတဲ့ ဥပဒေ စတင် အသက်ဝင်

နိုင်ငံခြားသားတွေ ကုမ္ပဏီတခု ပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်ရှိတဲ့ ကုမ္ပဏီများ ဥပဒေ ဒီဇင်ဘာ ၇ ရက်နေ့က စတင် အသက်ဝင်လာပါတယ်။

၁၉၁၀ ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ကုမ္ပဏီများ အက်ဥပဒေကို ခေတ်နဲ့ အညီပြင်ဆင်ဖို့ ၂ဝ၁၂ ခုနှစ်လောက်က စပြီး အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ကြတာပါ။

ဒီနောက် ဥပဒေကို ပြောင်းလဲပြီး ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဥပဒေမှာ အဓိကကျတဲ့ အပြောင်းအလဲကတော့ ကုမ္ပဏီတခုမှာ နိုင်ငံခြားသားတွေ ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ပါရင် နိုင်ငံသား ကုမ္ပဏီတွေရတဲ့ အခွင့်အရေးတွေ တန်းတူရနိုင်တယ်လို့ Law Plus ဥပဒေ အကျိုးဆောင် အဖွဲ့က ရှေ့နေ ဒေါ်ခင်ထွေးမြင့်က ဘီဘီစီကို ပြောပါတယ်။

ဒီလိုပြောင်းလဲ ပြဋ္ဌာန်း နိုင်ခဲ့တဲ့အတွက် ပြည်တွင်းနဲ့ ပြည်ပ ကုမ္ပဏီတွေအကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန် လာနိုင်သလို ဒီပြိုင်ဆိုင်မှုကြောင့် ပြည်တွင်း ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်ကို အရင်ထက် အရည်အသွေး ကောင်းအောင် လုပ်လာနိုင်တယ် လို့ ဒေါ်ခင်ထွေးမြင့်က ဆိုပါတယ်။

တခြားပြောင်းလဲလိုက်တဲ့အထဲမှာတော့ နိုင်ငံခြားကုမ္ပဏီ တခုက မြန်မာပြည်မှာ စီးပွားရေး လုပ်ပါက အစိုးရထံက တောင်းခံရမယ့် နိုင်ငံခြား ကုမ္ပဏီ အလုပ်လုပ်ပိုင်ခွင့် ခွင့်ပြုချက်ကို သီးသန့် လျှောက်စရာ မလိုဘူး လို့လည်း သူက ဆိုပါတယ်။

ဒါအပြင် ဖွဲ့စည်းပုံ မှတ်တမ်းကို ကုမ္ပဏီ လိုအပ်ချက် အတိုင်း ရေးဆွဲခွင့်ပေးတာ၊ စတော့ အိတ်ချိန်း တွေမှာ နိုင်ငံခြားသား ကုမ္ပဏီတွေ ပါဝင်လာခွင့် ရှိလာတာစတဲ့ အချက်တွေ ကိုလည်း ပြောင်းလဲထားတယ်လို့ ဒေါ်ခင်ထွေးမြင့်က ပြောပါတယ်။

ဒါပေမဲ့ အခု အပြောင်းအလဲက ပြည်တွင်းကုမ္ပဏီတွေအတွက် နိုင်ငံခြား ကုမ္ပဏီတွေကို ရှယ်ယာ ရောင်းချနိုင်တာ ကလွဲရင် ထူးထူးခြားခြား အကျိုးမရှိဘူးလို့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

ကုမ္ပဏီများ ဥပဒေကို ပြောင်းလဲပြီး ပြဋ္ဌာန်းတာဟာ မြန်မာနိုင်ငံမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံတာတွေ တိုးလာစေဖို့ အစိုးရရဲ့ ကြိုးပမ်းချက်တွေထဲက တခုလည်း ဖြစ်ပါတယ်။