ဘင်္ဂလားဒေ့ရှ်ဘက် ရိုဟင်ဂျာတွေ ဆက်လက်ထွက်ခွာ

  • 7 ဒီဇင်ဘာ 2017
Image caption ကမ္ဘာပေါ်မှာ အမြန်ဆုံး ကြီးထွားလာနေတဲ့ အကျပ်အတည်း ပြဿနာ

ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် အခုအချိန်ထိအောင် ဆက်လက် ထွက်ခွာ နေကြဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို မြန်မာဘက်က ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား သဘောတူမှု ရယူထား ပေမယ့်လည်း တဘက်မှာတော့ ရိုဟင်ဂျာတွေ ဆက်လက် ထွက်ပြေး နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာတဲ့ ဒုက္ခသည် အရေအတွက် ၁၅ဝဝ ဝန်းကျင် ရှိတယ်လို့ UNHCR က ဆိုပါတယ်။

Image caption ဒုက္ခသည် ပြန်လည်လက်ခံရေး နှစ်လ အတွင်း စတင်ဖို့ သဘောတူ

ဩဂုတ်လကစလို့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ အရေအတွက် ၆ သိန်းကျော် ရှိပြီး ဒီ ဒုက္ခသည် အရေးဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံး ကြီးထွားလာနေတဲ့ အကျပ်အတည်း ပြဿနာ ဖြစ်တယ်လို့ UNHCR ရဲ့ လက်ထောက် ကော်မရှင်နာ မင်းကြီး ကယ်လီ ကလဲမင့်စ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး အစီအစဉ် နှစ်လ အတွင်း စတင်ဖို့ရာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယပတ်တုန်းက နှစ်နိုင်ငံ သဘောတူ ခဲ့ကြပါတယ်။

Image caption ပြန်စရာ အိုးအိမ်မရှိ

ဒါပေမဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ အများစု အနေနဲ့ သူတို့ရဲ့ ရပ်ရွာတွေ ဖျက်ဆီး ခံထားရတဲ့ အတွက် ပြန်စရာ အိုးအိမ်မရှိ ဖြစ်နေရတယ်လို့ ကယ်လီ ကလဲမင့်စ်က ဆိုပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ အလှူငွေတွေ ထည့်ဝင်ကြပါ ဆိုပြီး နိုင်ငံတကာကို မေတ္တာရပ်ခံ တာမျိုး လာမယ့်နှစ် ဖေဖေါ်ဝါရီ လကုန်ပိုင်း လောက်မှာ ထပ်မံ လုပ်ဆောင်ဖို့ ရှိတယ် လို့လည်း ကယ်လီ ကလဲမင့်စ် က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒုက္ခသည်စခန်းမှာ မွေးတဲ့ ဒုက္ခသည်ကလေး

ဒီသတင်းနဲ့ပတ်သက်သမျှ