တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့ အလွတ်သဘော ဆွေးနွေးဖို့ရှိ

  • 9 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption NCA စာချုပ်သက်တမ်း ၂ နှစ် ရှိလာပြီ ဖြစ်တဲ့အချိန်မှာ NCA ကို အကောင်အထည် ဖော်မှုနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ခဲ့ကြ

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ဖွဲ့က တပ်မတော်နဲ့ အလွတ်သဘော ဆွေးနွေးဖို့ ကိုယ်စားလှယ် ၆ဦးပါ အဖွဲ့တဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မဲဆောက်မြို့မှာ ကျင်းပခဲ့တဲ့ အပစ်ရပ်အဖွဲ့ ၈ဖွဲ့ရဲ့ လုံခြုံရေး ကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲမှာ အခုလို ဖွဲ့စည်းခဲ့တာပါ။

၂၁ရာစု ပင်လုံ ညီလာခံ လုပ်တိုင်း လုံခြုံရေး ကဏ္ဍဆိုင်ရာ ကိစ္စတွေမှာ အများအားဖြင့် သဘောတူချက်မရပဲ အထစ်အငေါ့တွေ ရှိနေတတ်တာမို့ တရားဝင်ပွဲတွေ မတိုင်ခင် အစိုးရနဲ့ရော၊ တပ်မတော်နဲ့ပါ အလွတ်သဘော တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း ညှိနှိုင်း နိုင်အောင် အခုလို စီစဉ်ခဲ့တာလို့ အပစ်ရပ် အဖွဲ့ ၈ဖွဲ့ရဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

နှစ်ဘက်အကျိုးရှိမှ ငြိမ်းချမ်းရေးအောင်မြင်မယ်

NCA စာချုပ်ပါ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ဆိုတဲ့ စကားရပ်ထဲမှာ SSR လုံခြုံရေး ကဏ္ဍများ ပြုပြင်ပြောင်းလဲရေးနဲ့ DDR လက်နက် ဖြုတ်သိမ်းရေး ဆိုတာ ပါနေတဲ့အတွက် ဒီလုပ်ငန်းတွေကို ဆွေးနွေးတိုင်ပင်တဲ့အခါ အလွတ်သဘော အရင် တွေ့ထားမှ ချောမွေ့ အဆင်ပြေစွာ ညှိနှိုင်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေး ဆုံချက်လို့ ဆိုရမယ့် သဘောတူချက်ကို မရသေးပဲ DDR ကို လုပ်လို့ မရကြောင်းနဲ့ DDR အဆင်ပြေဖို့ နိုင်ငံရေး သဘောတူချက် အတိုင်း တဆင့်ချင်း သွားရမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

တပ်မတော်နဲ့ အခုလို အလွတ်သဘော တွေ့ဖို့ကိစ္စကို အပစ်ရပ်အဖွဲ့ ၈ဖွဲ့ရဲ့ ခေါင်းဆောင်တွေထံ လာမယ့် ချင်းမိုင် စည်းဝေးပွဲမှာ တင်ပြ ဆွေးနွေးမယ်လို့ သိရပါတယ်။