ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ ပြင်ဆင်မှု မလုံလောက်သေး

  • 11 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Free Expression Myanmar Facebook
Image caption ပုဒ်မ ၆၆ ဃ မပြင်ခင်နဲ့ ပြင်ဆင်ပြီးကာလ အမှုတွေကို လေ့လာသုံးသပ်ထား

လွှတ်တော်က ပြင်ဆင်ထားပြီးဖြစ်တဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ ဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်နေတယ်လို့ Free expression Myanmar လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း မြန်မာ အဖွဲ့က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ပုဒ်မ ၆၆ ဃ ကို ပြင်ဆင်မှု မလုပ်ခင်အချိန်နဲ့ ပြင်ဆင်ပြီးကာလ အချိန်အတွင်း ဖြစ်ခဲ့တဲ့ အမှုတွေကို လေ့လာ ဆန်းစစ် သုံးသပ်ထားတဲ့ အစီရင်ခံစာမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခြင်း မြန်မာ အဖွဲ့က ဖော်ပြတာ ဖြစ်ပါတယ်။

ပုဒ်မ ၆၆ ကို ဘယ်လိုပဲ ပြောင်းလဲခဲ့ပြီးဖြစ်ပေမဲ့ တချို့က ဆက်လက် သုံးစွဲ နေတယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။

ပြစ်ဒဏ်လျှော့ပေါ့တာ အာမခံ ပေးတာလောက်နဲ့ တကယ့် အပြောင်းအလဲ ဖြစ်သွားတာ မဟုတ်ဘဲ ကိုယ်စားလှယ် လွှဲစာနဲ့ တရားစွဲဆိုမှု တွေလည်း ရှိနေ သေးတယ်လို့ အစီရင်ခံစာ ထုတ်ပြန်တဲ့ အဖွဲ့က ကိုဆောင်းခက ပြောပါတယ်။

ဒီပုဒ်မနဲ့ တိုင်တန်းထားတဲ့ အမှု အများစုဟာ အာဏာရှိသူ တွေက သူတို့အပေါ် ဝေဖန် သူတွေကို တိုင်တန်းထားတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

တိုင်ကြားခံရသူ အများစုဟာ ပြစ်မှုနဲ့ မမျှလောက်အောင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံနေရတယ်လို့ လေ့လာ တွေ့ရှိ ကြောင်းလည်း အစီရင်ခံစာမှာ ပြောထားပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးရောဘတ် ဆန်းအောင်ကလည်း အခုလက်ရှိ ပုဒ်မ ၆၆ ဃ ကို ပြင်ဆင်ထားမှုဟာ အပေါ်ယံသာ ဖြစ်ပြီး အရေးကြီးတဲ့ အဆင့်တွေ မပါဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အာမခံ ပေးလို့ရတဲ့ ပြင်ဆင်ချက်ကိုသာ ပြင်ထားတာ ဖြစ်ပြီး အမှု ရုပ်သိမ်းရင် ဆုံးဖြစ်ခွင့်ရှိရမယ့် အာဏာကို တရားသူကြီးကို ပေးရမယ့်အစား ဆက်သွယ်ရေး ဝန်ကြီးကဌာနက ချုပ်ကိုင်ထားတာ မမှန်ကန်ဘူးလို့ လည်း ဦးရောဘတ် ဆန်းအောင်ကပြောပါတယ်။

အရင် အစိုးရ လက်ထက်က ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲတာ ၇ မှုသာ ရှိခဲ့ပေမဲ့ အခု အစိုးရ လက်ထက်မှာတော့ တရားရုံးအထိ ရောက်လာတဲ့ အမှုပေါင်း ၈၅ မှု ရှိခဲ့တယ်လို့ ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသန အဖွဲ့က မှတ်တမ်းတင်ထားပါတယ်။