ရခိုင်မှာ လူနည်းစုတိုင်းရင်းသား နည်းပါးလာ

  • 12 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် NIRINJARA
Image caption ဘင်္ဂလားဒေ့ရှ် မှာ သက်လူမျိုးတွေရဲ့ နေအိမ် ဆိုင်ခန်းတွေ မီးရှိ့ ခံရ

ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ ခမီ၊ မြို၊ ဒိုင်းနက်၊ သက်၊ မရမာကြီး၊ အရှို(ချင်း) စတဲ့ မျိုးနွယ်စုတွေဟာ လူဦးရေ တဖြည်းဖြည်း နည်းပါးလာနေပြီး တချို့ လူမျိုးစုတွေဆိုရင် လူဦးရေ ၅၀ဝ၀ခန့်တောင် မပြည့်တော့ဘူး လို့ မနေ့က စစ်တွေဟိုတယ်မှာ လုပ်ခဲ့တဲ့ နှစ်ရက်ကြာ ဆွေးနွေးပွဲ တခုက သိရပါတယ်။

ဒီလို လူဦးရေ နည်းပါးမှုနဲ့ ရင်ဆိုင်နေရချိန်မှာ တခြားတဖက်မှာလည်း ရိုးရာယဉ်ကျေးမှု ဘာသာစကားတွေ တဖြည်းဖြည်း တိမ်ကော ပျောက်ကွယ်လာနေပါတယ်။

ဒါကြောင့် လူမျိုးစုငယ်တွေရဲ့ ရှင်သန်ရပ်တည်ရေးဟာ အထူးအရေးကြီးတဲ့ အနေအထားမှာ ရောက်နေပြီလို့ အဲဒီဆွေးနွေးပွဲမှာ တက်ရောက်လာသူတွေက ပြောဆိုနေကြပါတယ်။

မနေ့က စတင်ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို ဦးဆောင်သူ ခမီအမျိုးသား ဦးရွှေဘော်စိန်ကတော့ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုနဲ့ပတ်သတ်ပြီး အခုလိုပြောပြပါတယ်။

ဦးရွှေဘော်စိန်က တိုင်းရင်းသားတွေမှာ စာပေရှိတယ် ယဉ်ကျေးမှုရှိတယ် ဒါပေမဲ့ ဒါတွေကို ဖော်ထုတ်နိုင်ဖို့ ငွေကြေးအင်အားတွေ ဘက်ဂျက်မရှိဘူး။ ဒါကြောင့် တိမ်ကော ပျောက်ကွယ်ဖို့ အနေအထားမှာ ရောက်နေတဲ့ အတွက် နိုင်ငံတော်က ဒါတွေကို ပြုပြင်ပြောင်းလဲ ဖို့ ဖေးမကူညီပေး ရမှာဖြစ်ပါတယ် လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းက လူမျိုးစုတွေရဲ့ ကိုယ်ပိုင် ဘာသာစကား ကိုယ်ပိုင်ယဉ်ကျေးမှုတွေကိုယ်စီ ရှိပေမယ့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ဒီလူမျိုးနွယ်စုတွေနဲ့ ပတ်သတ်ပြီး တာဝန်ယူမှု တာဝန်ခံမှု အားနည်းတဲ့ အတွက် တဖြည်းဖြည်း ရေရှည် တည်တံ့ရေး အပိုင်းမှာ ယိုင်လဲတဲ့ အခြေအနေမျိူး ရောက်လာကြတာ ဖြစ်ပါတယ်။

အခု လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေကလည်း ဒီလူမျိုးစုတွေရဲ့ ရပ်တည်နေထိုင်ရေးကို ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ဒီလူမျိုးစုငယ်တွေဟာ ရခိုင်ပြည်နယ်က မြေပြန့်နဲ့ တောင်ပေါ်ဒေသတွေမှာ နေထိုင်ကြပါတယ်။

အဲဒီလို လူမျိုးနွယ်တွေ့ဆုံပြီး အလုပ်ရုံဆွေးနွေးပွဲ လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း နိုင်ငံတော်ကနေ တဆင့် ဒီမျိုးနွယ်စုငယ်တွေရဲ့ အသက်အိုးအိမ် လုံခြုံမှုအရ ဥပဒေအရ ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ဦးရွှေဘော်စိန်က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို တိုင်းရင်းသား မျိူးနွယ်စု ကိုယ်စားလှယ် ၁၂၀ခန့် တက်ရောက်နေပြီး ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စ ၊ လူနည်းစုတိုင်းရင်းသားတွေ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စနဲ့ Advocacy အပိုင်းတွေကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။