ကျောက်မျက်ပြပွဲ ယူရို သန်းရာချီ ရောင်းချရန် မျှော်လင့်

  • 12 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ကျောက်စိမ်း အတွဲတတွဲကို ယူရိုငွေ ၅.၈ သန်း အများဆုံးဈေး ခေါ်

ကျင်းပနေတဲ့ ကျောက်မျက်ပြပွဲကနေ ယူရိုငွေ သန်း ၃၀၀ နဲ့ ၅၀၀ အကြား ရောင်းချဖို့ မျှော်မှန်းထားပါတယ်။

နိုင်ငံခြားငွေကြေးယူရိုနဲ့ ရောင်းချတဲ့ ကျောက်မျက်ပြပွဲကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မဏ္ဍိ ရတနာ ကျောက်စိမ်း ခန်းမမှာ ဒီဇင်ဘာ ၁၂ ရက်က စတင်ပြီး ၉ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီပြပွဲမှာ ကျောက်စိမ်းအတွဲပေါင်း (၆၆၀၀) ကျော်နဲ့ ကျောက်မျက် အတွဲပေါင်း (၁၉၀) ကို ရောင်းချဖို့ ရှိနေပါတယ်။

ဒီပြပွဲမှာ ကျောက်စိမ်းတခုတည်းကနေ ရောင်းရငွေ အများဆုံးရဖို့မျှော်မှန်းထားပြီး ကြမ်းခင်း ဈေးအများဆုံး အဖြစ် ကျောက်စိမ်းအတွဲတတွဲကို ယူရိုငွေ ၅.၈ သန်း ဈေးခေါ်ထားပါတယ်။

ကျောက်စိမ်းလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမင်းသူက ကျောက်စိမ်းကို တရုတ်နဲ့ ဟောင်ကောင်က အများဆုံး လာဝယ်ပြီး တပွဲကို သန်းရာချီ ရောင်းချရသလို ပြည်တွင်းနဲ့ အာရှဖက်ခြမ်းက ဝယ်သူကြတယ်လို့ ပြောပါတယ်။

အခု ကျောက်မျက်ရောင်းချပွဲကို တရုတ်နဲ့ ဟောင်ကောင်က ကျောက်ကုန်သည် အများစု လာရောက်ဖို့ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကျောက်စိမ်း အတွဲတတွဲကို ယူရိုငွေ ၅.၈ သန်း အများဆုံးဈေး ခေါ်

ပြည်တွင်း ကျောက်စိမ်း နဲ့ ကျောက်မျက်ဈေးကွက်မှာ အာရှ နဲ့ ဒေသတွင်းနိုင်ငံတွေက ကျောက်ကုန်သည်တွေရဲ့ ဝယ်ယူမှု အများဆုံးဖြစ်နေပြီး ဥရောပနဲ့ အနောက်နိုင်ငံတွေကတော့ ဝယ်ယူမှု နည်းပါးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံနဲ့ ကျောက်အရောင်း အဝယ် မလုပ်တော့ဘူးလို့ ကာတီယာ ထိပ်တန်းကျောက်မျက်ကုမ္ပဏီက ထုတ်ဖော်ကြေညာ ထားပါတယ်။

ကျောက်စိမ်းလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမင်းသူက ဒီလိုတားမြစ်တာက လက်ရှိအချိန်မှာ မြန်မာ ကျောက်အရောင်းအဝယ်ဈေးကွက်ကို ထိခိုက်မှုမရှိပေမယ့် ရေရှည်မှာတော့ ထိခိုက်မှု ရှိလာနိုင်တယ်လို့ ပြောပါတယ်။