MSF ပြောတဲ့ ရိုဟင်ဂျာ သေဆုံးသူ အရေအတွက် ထိတ်လန့်စဖွယ် များပြား

  • 14 ဒီဇင်ဘာ 2017
Image caption တုန်လှုပ်စဖွယ် အကြောင်းတွေ ကြားသိရ

ရခိုင်ပြည်နယ်ထဲ ဩဂုတ်လက စလို့ ပေါ်ပေါက် လာခဲ့တဲ့ ပဋိပက္ခတွေထဲ သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ခြောက်ထောင်ခုနှစ်ရာ ဝန်းကျင် ရှိတယ်လို့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ပြောပါတယ်။

ဒီကိန်းဂဏန်းဟာ ၊ အသေရရှိခဲ့တဲ့ အကြမ်းဖက်သမားတွေ အရေအတွက် ဆိုပြီး မြန်မာ အစိုးရက ထုတ်ပြန်ခဲ့တဲ့ အရေအတွက်ထက် ၁၇ ဆ နီးပါး များပြား နေတာ ဖြစ်ပါတယ်။

MSF ကတော့ ၊ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး လာကြသူတွေကို မေးမြန်း စုံစမ်း ထားတာတွေကနေ အခြေခံပြီး အခုလို ၆၇ဝဝ ဝန်းကျင် ဆိုတဲ့ အရေအတွက်ကို ထုတ်ပြန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Image caption ကော့ဇက်ဘဇားက ကလေးငယ်

"လူတွေ အသတ်ဖြတ်ခံ ခဲ့ရတယ်၊ အိမ်ထဲတင် မီးတင်ရှို့ ခံရတယ်၊ ရိုက်သတ်ခံရတယ် ဆိုတဲ့ ထွက်ဆိုချက်မျိုးတွေ ကြားသိ ခဲ့ရတယ်။ အခုရရှိတဲ့ ကိန်းဂဏန်း ပမာဏဟာ တုန်လှုပ်ဖွယ် ဖြစ်တဲ့ အတွက် တုံ့ပြန်ကိုင်တွယ်တာတွေ လုပ်ဆောင်မှ ဖြစ်မယ်" ဆိုပြီး MSF အဖွဲ့က ကာလိုင်းကလီယာက ဘီဘီစီကို ပြောပါတယ်။ 43421

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက မြန်မာအစိုးရရဲ့ နယ်ခြားစောင့် ရဲကင်းတွေကို အာဆာအဖွဲ့က ချိန်ကိုက် တိုက်ခိုက် လာခဲ့တဲ့နောက် တုံ့ပြန်ခဲ့တဲ့ စစ်ရေး ဆောင်ရွက်ချက်တွေမှာ ရိုဟင်ဂျာ အရပ်သားတွေ အပေါ်မှာပါ ပစ်မှတ်ထားခဲ့တယ် ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲ ပြစ်တင်မှုတွေ အကြီးအကျယ် ရှိနေပါတယ်။

အခုလောက် အရေအတွက်ထိ အသတ်ဖြတ် ခံခဲ့ရတယ် ဆိုရင် ဒါဟာ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပဲ၊ မျိုးနွယ်စုအရ ရှင်းလင်းခြင်းပဲ၊ လူမျိုးတုန်း သတ်ဖြတ်တယ်လို့ တောင် သတ်မှတ်နိုင်မလားပဲ ဆိုပြီးတော့လည်း ကာလိုင်းကလီယာက ဆိုပါတယ်။

Image caption ကလေးတွေ အများအပြား သေခဲ့တယ်လို့ MSF ပြော

ရိုဟင်ဂျာတွေ ရောက်ရှိ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း နယ်စပ်မြို့ ကော့ဇက်ဘဇားမှာ ကူညီရေးတွေ လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ အေဂျင်စီ အဖွဲ့က လူဝီ အော်ဘင်ကလည်း ဒုက္ခသည်တွေ ဒီဘက်ခြမ်းကို ရောက်လာတဲ့အခါ အင်မတန် စိတ်သက်သာရ သွားကြတာကို သူတို့ရဲ့ မျက်နှာတွေမှာ တွေ့ရတယ်လို ပြောပါတယ်။

အဲဒီလို ရောက်လာတဲ့ လူတွေဆီကနေ အင်မတန် ထိတ်လန့် တုန်လှုပ်စဖွယ် အကြောင်းတွေ ကြားသိ နေရတာမှာ သူတို့ဟာ စနစ်တကျနဲ့ကို ခွဲခြား ဆက်ဆံတာ ခံခဲ့ရပုံတွေ အပါအဝင်၊ တချို့ ဆိုလည်း မိသားစုဝင်တွေ တကွဲတပြားဆီ ဖြစ်နေပြီး သေသလား ရှင်သလားမသိ ဖြစ်နေတာကို တွေ့နေရတယ်လို့ လူဝီ အော်ဘင်က ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒုက္ခသည်စခန်းမှာ မွေးတဲ့ ဒုက္ခသည်ကလေး

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ