အမျိုးသားရေးတခုပဲ ဦးစားပေးရင် မှားနိုင်

  • 15 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် ရခိုင်ပြည်နယ်နေ့ - ရန်ကုန် Facebook
Image caption ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့တွေမှာလည်း ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပခဲ့

နိုင်ငံတကာမှာ ပထဝီနိုင်ငံရေးအရ ဗျူဟာကျနေတဲ့ ရခိုင်ပြည်နယ်ရဲ့ အခက်အခဲ အကျပ်အတည်းတွေကို ဖြေရှင်းတဲ့ နေရာမှာ အမျိုးသားရေး စိတ်ဓာတ် တခုတည်းကို ဦးစားပေးရင် အမှားတွေ ကျူးလွန်မိနိုင်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ ရခိုင်ပြည်နယ်ဓမ္မာရုံမှာ ကျင်းပတဲ့ ၄၃ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားမှာ သတိပေးစကား ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ သမိုင်းဖြတ်သန်းမှုတွေမှာ ခက်ခဲ ရုန်းကန်းခဲ့ရတဲ့ အချိန်တွေ ရှိခဲ့သလို အောင်မြင်မှု ရခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ကြောင်း သူက ပြောပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ကတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အဖွဲ့အစည်းများ သဟဇာတ ရှိရေးအတွက် ရခိုင်ပြည်သူတွေ စုပေါင်းညီညွတ်တဲ့ အင်အားနဲ့ ကြိုးစားကြဖို့ နှိုးဆော်ထားတဲ့ ရခိုင်ပြည်နယ်နေ့ အခမ်းအနားအတွက် သဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာမွတ်ဆလင် ၆ ထောင်ကျော် သေဆုံးတယ်လို့ MSF ပြော

ရန်ကုန်မြို့က အဲဒီ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ရခိုင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနက ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပြီး သရုပ်ဆောင် ကိုဝေဠုကျော် အပါအဝင် တခြား ရခိုင် အမျိုးသား ၉ ဦးကိုလည်း လူမှု စွမ်းဆောင်ရည်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့တွေမှာလည်း ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလည်း လူမှုထူးချွန်ဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ရခိုင်ပြည်နယ်နေ့ကို စတင် ကျင်းပခွင့်ရခဲ့ပေမယ့် အတုအယောင် ပြည်နယ်အနေနဲ့ နိုင်ငံရေး အရ အနှစ်သာရ မရှိတဲ့ကြားက ရခိုင်စာပေနဲ့ ယဉ်ကျေးမှုကို ဖော်ထုတ်ဖို့ ရတဲ့ အခွင့်အရေး အပေါ် အခြေခံပြီး ရှေ့တိုး လုပ်ကိုင် နိုင်ခဲ့တယ်လို့ ယူဆကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ၁၉၄၈ ခုနှစ်ကစပြီး ၁၉၇၄ ခုနှစ်အထိ ရခိုင်တိုင်း အနေနဲ့သာ ရပ်တည်ခဲ့ပြီး ၁၉၇၄ ဖွဲ့စည်းပုံ ဥပဒေမှာ ကျမှ ရခိုင်ပြည်နယ် အဖြစ် ပြောင်းလဲ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ