ရှမ်းပြည်နယ်က လူထုတွေ့ဆုံပွဲ အစိုးရတပ်က တားဆီး

  • 17 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အစိုးရတပ်မတော်က ဝိုင်းဝန်း ပိတ်ဆို့တဲ့ ပုံစံနဲ့ ဝင်လာခဲ့

၂၁ရာစုပင်လုံ ညီလာခံနဲ့ သက်ဆိုင်တဲ့ လူထုတွေ့ဆုံပွဲတခုကို ပင်လုံမြို့မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျင်းပရာမှာ စစ်ကားတွေနဲ့ အတူ ဝင်လာတဲ့ လက်နက်ကိုင် အစိုးရတပ်သား ၅၀ ခန့်က ဟန့်တားခဲ့ပါတယ်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုအဖြစ် ကျင်းပတဲ့ ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရကို တင်ပြထားတဲ့ စာကို ပြခဲ့ပေမယ့် လူထု အသံ မကောက်ခံဖို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ခွင့်မပြုတဲ့အတွက် အခုလို တားမြစ်ခဲ့တာ ဖြစ်ကြောင်း လွယ်လင်တပ်နယ် ဗိုလ်မှူးကြီးအောင်ဌေးက အကြောင်းပြချက်ပေးခဲ့တယ်လို့ ဒီတွေ့ဆုံပွဲရဲ့ တာဝန်ခံ မနန်းမြဦးက ဘီဘီစီကို ပြောပါတယ်။

ဒီ လူထုတွေ့ဆုံပွဲကို ရှမ်းလက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ရှမ်းပြည် ညီညွတ်ရေး ကော်မတီ CSSU က ဦးဆောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption စစ်ကားတွေနဲ့အတူ ဝင်လာတဲ့ လွယ်လင်တပ်နယ်ဗိုလ်မှူးကြီးက တိုင်းမှူးခွင့်မပြုလို့ တားတာလို့ ပြော

တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာနေတဲ့ အစုအဖွဲ့တွေနဲ့ ပြည်သူတွေက စောင့်ကြည့်နေတဲ့အချိန်မှာ အခုလို လုပ်ပိုင်ခွင့်ရပြီးသား တွေ့ဆုံပွဲကို တပ်မတော်က လာတားတာဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်နိုင်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC ရဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကော်မတီ/ရှမ်းပြည်တပ်မတော် RCSS/SSA က ဦးဆောင်ပြီး ရှမ်းပြည်နယ် လင်းခေးမြို့နယ်မှာ ပြုလုပ်ဖို့ UPDJC က သဘောတူထားတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို တပ်မတော်က အခုလို တားမြစ်ခဲ့တာနဲ့ ပတ်သက်ပြီး UPDJC ကို အကြောင်းကြားထားတယ်လို့လည်း မနန်းမြဦးက ပြောပါတယ်။

လာမယ့် ဇန်နဝါရီလမှာ ကျင်းပမယ့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဟာ NCA စာချုပ်အရ ပြုလုပ်တဲ့ ဆွေးနွေးပွဲ ဖြစ်ပြီး ဒီဆွေးနွေးပွဲ ရလာဒ်တွေကို ၂၁ ရာစု ပင်လုံအတွက် အစည်းအဝေးတွေမှာ တင်ပြ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ