ရိုက်တာ သတင်းထောက်အရေး ပွင့်လင်းမြင်သာမှု ရှိဖို့ ပန် မြန်မာ တောင်းဆို

  • 17 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption သတင်း မီဒီယာ ကောင်စီရဲ့ အခန်း ကဏ္ဍ ကို အစိုးရ အနေနဲ့ ဘေးဖယ်ထား ခဲ့

ဒီဇင်ဘာလ ၁၂ ရက်နေ့က ရိုက်တာ သတင်းထောက် ၂ ယောက် ကို နိုင်ငံတော် လျို့ဝှက် ဥပဒေ နဲ့ ဖမ်းဆီး ခဲ့တာဟာ သတင်းသမားတွေ ရဲ့ မူလ အခွင့်အရေး ကို ထိခိုက် နေတယ်လို့ ပန် မြန်မာ အဖွဲ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်းသမားတွေ အားလုံးဟာ သက်ဆိုင်ရာ သတင်းဌာန တွေရဲ့ သတင်းကျင့်ဝတ် နဲ့ အညီ သတင်းရယူဖို့ လုပ်ဆောင် ခဲ့ တာဖြစ်ပြီး သတင်းသမား တွေကို အစိုးရ က အကာအကွယ် ပေးသင့်တယ်လို့ ပန် မြန်မာ ဒါရိုက်တာ အဖွဲ့ အတွင်းရေးမှူး ဦးဟန်ဇော်က ပြောပါတယ်။

အစိုးရ အနေနဲ့ သတင်းသမား နှစ်ယောက် ဖမ်းဆီး ခံရမှု ကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ပေးဖို့နဲ့ သက်ဆိုင်သူတွေ နဲ့ တွေ့ဆုံခွင့် ပေးဖို့ ကိုလည်း ပန်မြန်မာ အဖွဲ့က တောင်းဆို ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ သတင်းမီဒီယာ ဥပဒေ ဆိုတာ ပြဌာန်း ထားပြီး သတင်း သမားတွေနဲ့ အငြင်းပွားစရာ ကိစ္စ တွေ ဖြစ်တိုင်း သတင်း မီဒီယာ ကောင်စီရဲ့ အခန်း ကဏ္ဍ ကို အစိုးရ အနေနဲ့ ဘေးဖယ်ထား ခဲ့တယ်လို့လည်း ပန်မြန်မာ အဖွဲ့ က ဆိုပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ယောက် ဖမ်းဆီး ခံရတဲ့ ကိစ္စ မှာလည်း သတင်း မီဒီယာ ဥပဒေ ရှိပါလျှက်နဲ့ ဒါနဲ့ အရေးမယူ ခဲ့တဲ့ အပေါ်မှာလည်း မေးခွန်း ထုတ်စရာ ဖြစ်နေပြီး ဥပဒေ ရဲ့ အားနည်းချက် ကြောင့် ဖြစ်နိုင်တယ်လို့လည်း ပန်မြန်မာ အဖွဲ့က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖမ်းခံထားရတဲ့ သတင်းထောက်တွေ အမှု ဒု-ရဲမှူးကြီး မြင့်ထွေး ဖြေကြား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် က ရိုက်တာ သတင်း ထောက် နှစ်ယောက်ကို ဖမ်းဆီးခံရမှု ဟာ ရခိုင် ပြည်နယ် က လူ့ အခွင့် အရေး ချိုးဖောက်မှုတွေ ကြောင့်လား ဆိုတဲ့ ပြောဆို ဝေဖန်မှု ရှိနေတဲ့ အချိန် မှာ အစိုးရ အနေနဲ့ ပွင့်လင်း မြင်သာတဲ့ ထုတ်ပြန်ချက် တွေ လုပ်ဖို့ လို အပ် နေတယ်လို့လည်း ပန်မြန်မာ အဖွဲ့ကြီးက ထောက်ပြ ခဲ့ပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ယောက် လွတ်မြောက်ရေး အတွက် မြန်မာ သတင်း ထောက်များ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ က တောင်းဆို မှုတွေ ပြုလုပ်နေပြီး အနက်ရောင် ဝတ်စုံ ဝတ်ဆင်ပြီး လှုပ်ရှား တောင်းဆို မှုတွေ လုပ်သွားမယ်လို့လည်း သိရှိရပါတယ်။

ဆက်စပ် အကြောင်းအရာများ