ပြည်ဝင်ခွင့်ပိတ်ခံရတဲ့ မစ္စလီနဲ့ ဘီဘီစီ မေးမြန်းခန်း

  • 20 ဒီဇင်ဘာ 2017
Image caption ရခိုင်ပြည်နယ်ထဲ ဆိုးဆိုးရွားရွားတွေ ဖြစ်ပျက်ခဲ့တာကြောင့် သူ့ကို ပြည်ဝင်ဝင်ခွင့် ပိတ်တာလို့ မစ္စယန်လီး ယူဆနေ

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာပြီး အစီရင်ခံစာ တင်သွင်းဖို့ ကုလသမဂ္ဂ ကနေ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ထားတဲ့ ၊ မစ္စ ယန်ဟီးလီးကို မြန်မာ အစိုးရက ပြည်ဝင်ခွင့် ပိတ်လိုက်ပါတယ်။

မစ္စယန်ဟီးလီးဟာ တာဝန် ဝတ္တရားတွေကို ဆောင်ရွက်ရာမှာ ဘက်လိုက်မှု ကင်းပြီး၊ ဓမ္မဓိဌာန် ကျနရမယ် ဆိုတဲ့ အခြေခံမူကနေ သွေဖီ နေတဲ့ အတွက် ကြောင့်လို့ မြန်မာ အစိုးရဘက်က အကြောင်းပြ ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် မြန်မာ အာဏာပိုင်တွေ ပြုမူပုံတွေနဲ့ ပတ်သက်ပြီး သူတင်သွင်းတဲ့ အစီရင်ခံစာတွေထဲ အကြီးအကျယ် ဝေဖန်ခဲ့တဲ့ မစ္စယန်ဟီးလီးကို သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ကျန်ရှိနေတဲ့ သက်တမ်းမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်တော့ဖို့ မြန်မာ အာဏာပိုင်တွေ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီလထဲမှာပဲ မြန်မာပြည်ကို နောက်တစ်ကြိမ်လာဖို့ စီစဉ်ထားတဲ့ မစ္စယန်ဟီးလီး အနေနဲ့ အခုလို မြန်မာအစိုးရက ပြည်ဝင်ခွင့် မပေးတော့တဲ့ အပေါ် ဘယ်လို သဘောထား အမြင်တွေ ရှိနေပါသလဲ။ ဘီဘီစီက မစ္စယန်ဟီးလီးကို ဆက်သွယ် မေးမြန်း ထားပါတယ်။

ဘီဘီစီ။ ။ အခု မြန်မာအစိုးရက မစ်ယန်ဟီးလီကို မြန်မာနိုင်ငံကို လာရောက်ခွင့် ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာဘက်က ဘာများပြောကြားခဲ့ပါလဲ။

မစ္စယန်ဟီးလီး။ ။ အစိုးရက ကျမရဲ့ လုပ်ပိုင်ခွင့်တွေ အပေါ် ပူးပေါင်း ဆောင်ရွက်မှု တွေ ဆက်မလုပ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ သူတို့ဟာ ကျမ နေရာမှာ နောက်တာ၀န်ယူမယ့် သူနဲ့တော့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ပါလိမ့်မယ်။

မြန်မာ အာဏာပိုင်တွေဟာ ကျမရဲ့ ဇူလိုင်လ ခရီးစဉ် အပြီး အစီရင်ခံစာ အပေါ် မကျေမနပ်ဖြစ်ခဲ့တာပါ။ ဒါကလည်း သိပ်ပြီးတော့ အံ့သြစရာတော့ မဟုတ်ပါဘူး။

ကျမခရီးစဉ်အပြီး ပါလီမန် အစည်း အဝေးမှာ သူတို့ က တရားမျှတမှု မရှိဘူး။ ဘက်လိုက်မှု ရှိတယ်ဆိုပြီး ဆုံးဖြတ်ကာ ကျမကို ရှုတ်ချခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်ကပဲ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ်က မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လုပ်နေကြောင်း ပြောခဲ့ပါသေးတယ်။

Image caption ရိုဟင်ဂျာအရေး မြန်မာအာဏာပိုင်တွေကို ဝေဖန်သူ မစ္စလီ

ဘီဘီစီ။ ။ အခုလို မစ္စယန်ဟီလီကို ပိတ်ပင် လိုက်တဲ့ ဒီဆုံးဖြတ်ချက်ကို မြန်မာဘက်က ဘယ်သူက တာဝန်ယူ ချမှတ်တယ်လို့ ထင်လဲဗျ။

မစ္စယန်ဟီးလီး။ ။ ကျမ အနေနဲ့ကတော့ မြန်မာအစိုးရပေါ့။ အစိုးရ ခေါင်းဆောင်ပိုင်းပေါ့။ မြန်မာ နိုင်ငံမှာ က အစိုးရ ၂ မျိုး ရှိနေတယ်လို့ မြင်ရတယ်။ စစ်တပ်ရယ် အရပ်သား အစိုးရရယ်။ စစ်တပ်က အဓိက အားဖြင့် လုံခြုံရေး အပိုင်းတွေမှာ အာဏာယူထား တုန်းပါ။

ရခိုင်ဒေသဆိုရင် စစ်တပ်က လုံခြုံရေး အထူးမြှင့်ထားတဲ့ နေရာပေါ့။ နောက်ပြီး စစ်တပ်က ကျမနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ မလုပ်ချင်ကြဘူး။ ဒါပေမယ့် ရခိုင်ဒေသ တခုတည်း မြန်မာ နိုင်ငံမှာ အခြေအနေ မတည်မငြိမ ဖြစ်နေတာ ဟုတ်ပါဘူး။ နိုင်ငံမြောက်ပိုင်းက ကချင်ဒေသနဲ့ ရှမ်းမြောင်ပိုင်းမှာလည်း တိုက်ပွဲတွေ တိုးလာနေပြီး၊ နိုင်ငံတွင်း ထွက်ပြေား တိမ်းရှောင်နေသူတွေ များလာနေတယ်။

Image caption ရိုဟင်ဂျာ ၆သိန်းခွဲ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ ပြော

ဘီဘီစီ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခု ဆုံးဖြတ်ချက် အပေါ် ပြန်ပီး စဉ်းစားဆောင်ရွက်တာမျိုး လုပ်စေချင်သလား။ ခင်ဗျာအနေနဲ့ မြန်မာနိုင်ငံကို ပြန်သွားပြီး လုပ်ငန်းတွေ ဆောင်ရွက်လို့ ရအောင်ပေါ့။

မစ္စယန်ဟီးလီး။ ။ ဟုတ်ကဲ့။ အဲလို လုပ်ပေးဖို့ ရိုးသားစွာ မျှော်လင့် ပါတယ်။ ကျမ ခရီးစဉ်အတွက် အစိုးရ အနေနဲ့ ပြန်စဉ်းစားပေးဖို့ကိုပါ။ မြန်မာ နိုင်ငံဟာ စစ်အစိုးရ အုပ်ချုပ်မှု အောက်မှာ နှစ်ပေါင်းများစွာ ဖိနှိပ်မှုတွေနဲ့ နေခဲ့ရပြီး အခုမှ ရောင်ခြည်သန်းတဲ့ အချိန်၊ လွတ်လပ်ခွင့်တွေရှိတဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ မြန်မာ ပြည်သူတွေရော နိုင်ငံတကာ ကပါမျှော်လင့်ချက် အများကြီး ရှိလာနေတဲ့ အချိန်ပါ။

အခု ဆုံးဖြတ်ချက်က လူ့အခွင့် အရေး စောင့်ကြည့်တာတွေကို ပိတ်ချ ပစ်လိုက် တာပဲ။ ကုလသမဂ္ဂ လူခွင့် အရေး ကောင်စီ ကနေ ဖွဲ့ပေးထားတဲ့ အချက် အလက် ရှာဖွေရေးအဖွဲ့ ကိုလည်း ခုအချိန် အထိ လက်မခံသေးသလို၊ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ အစိုးရက အပြင်း အထန်ကို ကန့်ကွက် ဆန့်ကျင် ခဲ့တာပါ။ အခုဆုံးဖြတ်ချက်ကိုတော့ ကျမအနေနဲ့ အရမ်းကို စိတ်ပျက်ပြီး၊ အရမ်းလည်း စိတ်မကောင်း ဖြစ်မိပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ