ဖမ်းထားတဲ့ သတင်းထောက်တွေကို ရုံးထုတ်ဖွယ်ရှိ

  • 22 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ကတည်းက ရမန်ယူ ချုပ်နှောင်ထား

ဒီဇင်ဘာလ ၁၂ ရက်နေ့က အစိုးရ လျို့ဝှက်ချက် ဥပဒေ ပုဒ်မ ၃ နဲ့ စွဲဆို ဖမ်းဆီးခံရတဲ့ ရိုက်တာ သတင်းဌာနက မြန်မာ သတင်းထောက် ၂ ဦးကို ရမန်ယူ ချုပ်နှောင် ထားတာ ၂ ပတ်ပြည့်တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးနိုင်တယ်လို့ သိရပါတယ်။

အဲဒီ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ကတည်းက ရမန်ယူ ချုပ်နှောင်ထားတာဖြစ်တယ်လို့ သူတို့ရဲ့ ဥပဒေ အကျိုးဆောင် ဦးသန်းဇော်အောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို ယူထားတဲ့ ရမန်ရဲ့ ၂ ပတ် ပြည့်မယ့် နေ့ကတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့ဖြစ်ပြီး အဲဒီနေ့မှာ မတိုင်ခင်မှာ စစ်ဆေးမှုတွေ မပြီးသေးရင် ရမန်ကြီး အနေနဲ့ နောက်ထပ် ၂ ပတ် ထပ်တိုးတာလည်း လုပ်နိုင်ကြောင်း သူက ပြောပါတယ်။

ရိုက်တာသတင်းဌာနကလည်း ပြည်ထဲရေး ဝန်ကြီးဌာနက ရဲမှူးကြီး မျိုးသူစိုးကို ကိုးကားပြီး သူတို့ရဲ့ သတင်းထောက် ၂ ယောက် တံခါးပိတ် ရုံးထုတ် ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူတို့ကို စစ်ဆေးရာမှာ အာဏာပိုင်တွေဘက်က နှိပ်စက်တာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်တာမျိုးတွေ မလုပ်ဘူးလို့လည်း ရဲမှူးကြီး မျိုးသူစိုးက ရိုက်တာကို ပြောပါတယ်။

အဲဒီ သတင်းထောက် ၂ ဦးကို ဘယ်မှာ ဖမ်းဆီး ချုပ်နှောင် ထားသလဲ ဆိုတာကို အာဏာပိုင်တွေက မထုတ်ဖော်သေးသလို ရှေ့နေရော မိသားစုဝင်တွေနဲ့ပါ တွေ့ခွင့် မပေးသေးပေမယ့် သူတို့ကို အစားအသောက် ပေးလိုရင် ပေးနိုင်ကြောင်း ထောက်ကြံ့ရဲစခန်းမှူးက ပြောဆိုခဲ့တယ်လို့ ဦးသန်းဇော်အောင်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဇနီးဖြစ်သူပြောပြတဲ့ ကိုဝလုံးအကြောင်း

၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရတပ်မတော်က လုံခြုံရေး ကင်းစခန်းတွေကို တိုက်ခိုက်တဲ့ ရိုဟင်ဂျာစစ်သွေးကြွတွေကို ပြန်လည် နှိမ်နင်းမှုတွေ လုပ်အပြီး ရိုဟင်ဂျာ ဒုက္ခသည် ခြောက်သိန်းခွဲ ထွက်ပြေးခဲ့ရတာနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဒီ သတင်းထောက် ၂ ဦးက သတင်းရယူနေတာ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနကတော့ ဒီသတင်းထောက် ၂ ဦးဟာ ပြည်ပ သတင်းဌာနတွေကို ဝေမျှဖို့အတွက် သတင်းအချက်အလက်တွေကို တရားမဝင် ရယူခဲ့တယ်လို့ ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်ထားပါတယ်။

ဒီသတင်းထောက်တွေကို စွဲဆိုထားတဲ့ အစိုးရ လျို့ဝှက်ချက် ဥပဒေ ပုဒ်မ ၃ အရ ထောင်ဒဏ် ၁၄ နှစ် အထိ ချမှတ် ခံရနိုင်ပါတယ်။

အခုလို သတင်းထောက် ၂ ယောက်ကို ဖမ်းဆီးပြီး ရှေ့နေနဲ့သာမက မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်နဲ့ တွေ့ခွင့် မပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရ အပါအဝင် နိုင်ငံတကာက အစိုးရတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ စာနယ်ဇင်းသမားတွေက မြန်မာအစိုးရကို ဝေဖန် ပြောဆို နေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ