မန္တလေး ကျောက်မဲ ရှမ်းလူထုတွေ့ဆုံပွဲ အတားခံရ

  • 23 ဒီဇင်ဘာ 2017
Image caption ဘာလို့ တားနေရတာလဲ နားမလည်နိုင်လို့ SNLD ပြော

ဒီဇင်ဘာ ၂၃ ရက်၊ စနေနေ့ ကျောက်မဲနဲ့ မန္တလေးမြို့တို့မှာ ကျင်းပဖို့ စီစဉ် ထားတဲ့ ရှမ်းလူထု တွေ့ဆုံပွဲတွေ မကျင်းပဖို့ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေက တားမြစ်ခဲ့ကြတယ် ဆိုပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းကလည်း ပင်လုံ၊ လားရှိုးနဲ့ တာချီလိတ်တို့မှာ အလားတူ တားဆီးမှုတွေ ရှိခဲ့ပါတယ်။

သက်ဆိုင်ရာ စစ်တိုင်းတွေရဲ့ ဖိအားနဲ့ အစိုးရ အဖွဲ့ဝင်တွေက တားဆီး နေကြတာဖြစ်တယ်လို့ SNLD ပါတီက တွဲဘက် အတွင်းရေးမှူး တစ်ယောက်လည်းဖြစ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်လည်း ဖြစ်တဲ့ စိုင်းကျော်ညွန့်က ပြောပါတယ်။

ပြည်ထောင်စု အစိုးရရော၊ ရှမ်းပြည်နယ် အစိုးရကပါ လူထု တွေ့ဆုံပွဲတွေကို အားပေး ကူညီမယ် ဆိုပြီး စာတွေ ထုတ်ပြန် ထားတာကနေ၊ အဲဒီ စာတွေကို ပယ်ဖျက်ကြောင်း ရှမ်းပြည်နယ် အစိုးရက ရေးသားထားတဲ့ စာတစ်စောင်လည်း ဒီဇင်ဘာ ၂၂ ရက် ရက်စွဲနဲ့ ထွက်လာတာကို ဘီဘီစီ တွေ့ရှိထားပါတယ်။

Image caption လူထု တွေ့ဆုံပွဲတွေ ကျင်းပဖို့ UPDJC ထဲ သဘောတူထား

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ လက်မှတ် ထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA ကနေ ကမကထလုပ်ပြီး ရှမ်းလူထုတွေ့ဆုံပွဲတွေကို ရှမ်းပြည်နယ် မြို့နယ် ၁၄ ခုမှာ ကျင်းပတဲ့ အခါ အစိုးရက လိုအပ်တာတွေ ကူညီပံ့ပိုးမယ် ဆိုတဲ့ စာကို အခု နောက်ဆုံး ထွက်လာတဲ့ စာထဲ ပယ်ဖျက်ကြောင်း ရေးသားထားပါတယ်။

ရှမ်းလူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို စီစဉ်ထားသလို လင်းခေးမှာသာ ကျင်းပပြုလုပ်ရေး ဆိုတဲ့ အချက်ကိုလည်း အဲဒီ ရှမ်းပြည်နယ် အစိုးရ စာထဲမှာ တွေ့ရပါတယ်။

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မတိုင်ခင် လူထု တွေ့ဆုံပွဲတွေ ကျင်းပဖို့ ဆိုတာ UPDJC ထဲမှာ ဆွေးနွေး သဘောတူထားပြီးသား ဖြစ်တဲ့ အတွက်၊ အခုလို အကြို လူထု တွေ့ဆုံပွဲတွေကို ပိတ်ပင်လာတာဟာ သဘောတူမှု ရပြီးသားကို ပြန်လည် ဖောက်ဖျက်တာပဲလို့ စိုင်းကျော်ညွန့်က ဆိုပါတယ်။

ရှမ်းလူထုကို ရှမ်းဘာသာစကားနဲ့ ဟောပြောနေတဲ့ ရှမ်းအမျိုးသမီး လွှတ်တော်အမတ်ကို တပ်မတော် အရာရှိတစ်ယောက်က မြန်မာလို ပြောဖို့ တောင်းဆိုနေတဲ့ ဗီဒီယိုဖိုင်လည်း ဆိုရှယ်မီဒီယာပေါ် အခုရက်ပိုင်းက ရောက်ရှိလာပြီး လူအများကြား ဝေဖန် ပြောဆိုစရာတွေ ဖြစ်လာပါတယ်။

တပ်မတော် အနေနဲ့ ဘယ်လို အကြောင်းအရာတွေ အပေါ် မူတည်ပြီး အခုလို တားမြစ် နေရတယ်၊ ဘယ်လို စိုးရိမ်မှုတွေ ရှိနေတယ်ဆိုတာ နားမလည် နိုင်စရာပဲလို့ စိုင်းကျော်ညွန့်က ဆိုပါတယ်။

အခုလို အခြေအနေမျိုးမှာ လင်းခေးမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမလား ဆိုတာကိုတောင် ရှမ်း နိုင်ငံရေး အင်အားစုတွေဘက်က ပြန်လည် စဉ်းစား သုံးသပ်ကြရ တော့မှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ