လက်နက်ကြီး ကျလို့ ရွာခံတွေ ထွက်ပြေးရ

ဓာတ်ပုံ မူပိုင် larshio media
Image caption မတ်လ က တိုက်ပွဲတွေကြောင့်လည်း ခရီးလမ်း တွေ ပိတ်ထား ခဲ့ရ

အစိုးရ တပ်မတော် နဲ့ TNLA ပလောင် လက်နက်ကိုင် အဖွဲ့ တွေရဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ တွေက ပစ်ခတ် မှုတွေ ကြောင့် ရှမ်းပြည် မြောက်ပိုင်း နမ္မတူ ဒေသမှာ လက်နက် ကြီးကျည် ကျရောက် ပေါက်ကွဲမှု တွေရှိခဲ့ပါတယ်။

ဟော်နား ရွာမှာ လက်နက်ကြီး တွေ ကျရောက် ခဲ့တာကြောင့် ရွာလုံးကျွတ် နီးပါး ဟာ နားဟိုင်း ရွာ ကို ထွက်ပြေး ခဲ့ကြတယ်လို့ နမ္မတူ မြို့နယ် မန့်အိမ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး စိုင်းထွန်းလင်း က ဘီဘီစီ ကို ပြောပါတယ်။

နားဟိုင်း ရွာမှာ ဒုက္ခသည် ၃၅၅ ယောက် ခိုလှုံ ရောက်ရှိနေပြီး သူတို့ကို ကျွေးမွေး စောင့်ရှောက်ထား ရတယ်လို့ အုပ်ချုပ်ရေးမှူး က ဆိုပါတယ်။ အဲဒီ ဒုက္ခသည်တွေထဲ က တချို့ဟာ တိုက်ပွဲတွေ တည်ငြိမ်သွားပြီ ဖြစ်လို့ မူလ ရွာ တွေကို ပြန်သွားခဲ့ကြပြီလို့လည်း သူက ပြောပါတယ်။

လက်နက်ကြီး ကျည် ကျရောက် ခဲ့ပေမယ့် ရွာထဲမဟုတ်ဘဲ ရွာပြင် ကိုသာ ရောက် ခဲ့တဲ့ အတွက် လူ နဲ့ တိရစ္ဆာန် တွေ ထိခိုက် သေဆုံးတာ မျိုးတော့ မရှိခဲ့ပါဘူး။

တပ်မတော် နဲ့ ပလောင် အဖွဲ့ ပစ်ခတ်မှု ဖြစ်ပွား ချိန် အတွင်း တပ်မတော် ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေ ဖြစ်နိုင်တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး က သုံးသပ်ပါတယ်။

မန်ဆာလုံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းမောင်လူ ကို တပ်မတော် ဘက် က ရိုက်နှက်မှုတွေ လုပ်ခဲ့ပြီး ဒါက ပလောင် တပ်ဖွဲ့ဝင် အဖြစ် အထင်မှားပြီး ရိုက်နှက် ခဲ့တာ လို့ထင်ရကြောင်း ဘီဘီစီကို ပြောခဲ့ပါတယ်။

ရိုက်ခံရသူ ဦးစိုင်းမောင်လူ ကို လျော်ကြေးတွေ နဲ့ ဆေးရုံ သွားဖို့ စားရိတ် တွေ လည်း တပ်မတော် ဘက်က လာရောက် ပေးအပ် ခဲ့တယ်လို့ သူက ဆိုပါတယ်။