ခရစ်ယာန် ယဉ်ကျေးမှု အမွေအနှစ်ကို ဂုဏ်ယူပါ

  • 24 ဒီဇင်ဘာ 2017
Image caption တူညီတဲ့ စံတန်ဖိုးတွေ ဝေမျှ ထားရှိကြရင်း စုစည်း ညီညွတ်ကြပါစို့

ရိုဟင်ဂျာ မွတ်ဆလင်တွေကို ပစ်မှတ်ထား ကျုးလွန်မှုတွေဟာ စက်ဆုပ်ဖွယ် ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက သူ့ရဲ့ ခရစ္စမတ်စ် သဝဏ်လွှာထဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဘာသာရေး လွတ်လပ်ခွင့် ရှိဖို့ အရေးကြီးကြောင်း ဝန်ကြီးချုပ်မေက ထောက်ပြ ပြောဆိုရင်းမှာပဲ အခုလို ရိုဟင်ဂျာ အရေး ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတချို့မှာ ခရစ်ယာန်တွေရဲ့ ဘာသာရေး လွတ်လပ်ခွင့် အငြင်းပယ် ခံနေရတယ် ဆိုပြီးတော့လည်း ဗြိတိန်ဝန်ကြီးချုပ်က ထောက်ပြ ဝေဖန်ခဲ့ပါတယ်။

ခရစ္စမတ်စ် အခါသမယမှာ ဗြိတိန်ပြည်သူတွေ အနေနဲ့ ကိုးကွယ်ယုံကြည်မှု ဘယ်လို ခြားနားသည် ဖြစ်စေ၊ တူညီတဲ့ စံတန်ဖိုးတွေ ဝေမျှ ထားရှိကြရင်း စုစည်း ညီညွတ်ကြပါစို့ ဆိုပြီးတော့လည်း ဝန်ကြီးချုပ် မစ္စစ်မေက ဆော်ဩခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လန်ဒန်က ထပ်မြင့်အဆောက်အအုံ မီးလောင်

ဗြိတိန်နိုင်ငံထဲ ကိုယ်ယုံကြည်ရာ ဘာသာတရားကို အကြောက်တရား ကင်းကင်း ကိုးကွယ် ကျင့်သုံးခွင့် ရှိတယ်လို့ ဝန်ကြီးချုပ် ထရီဆာမေက ပြောဆိုရင်းမှာပဲ ဗြိတိန်နိုင်ငံရဲ့ ခရစ်ယာန် ယဉ်ကျေးမှု အမွေအနှစ်တွေ အပေါ်မှာလည်း ဂုဏ်ယူကြ စေဖို့ ဗြိတိန် နိုင်ငံသားတွေကို တိုက်တွန်း ခဲ့ပါတယ်။

လန်ဒန်မြို့ ဂရင်းဖဲလ် အထပ်မြင့် အဆောက်အဦ မီးလောင်မှုမှာ အရေးပေါ် ကယ်ဆယ် ကူညီရေးတွေ လုပ်ဆောင်ခဲ့သူတွေ၊ မန်ချက်စတာနဲ့ လန်ဒန် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေမှာ တုံ့ပြန် ကိုင်တွယ်ခဲ့သူတွေကိုလည်း ဝန်ကြီးချုပ်မေရဲ့ ခရစ္စမတ်စ် သဝဏ်လွှာထဲ ချီးကျူး ဂုဏ်ပြု ပြောဆို ထားပါတယ်။

Image caption အထီးကျန် နေရသူတွေ အပေါ် စာနာဖေးမ ကြဖို့ မစ္စတာ ကိုဘင် တိုက်တွန်း

အတိုက်အခံ လေဘာခေါင်းဆောင် ဂျရမီကိုဘင်ကလည်း ခရစ္စမတ်စ် ဆိုတာ အများအကျိုးကို ကြည့်တဲ့ အချိန် ဖြစ်တယ်လို့ ပြောရင်းမှာပဲ အိမ်ရယ်လို ခေါ်စရာမရှိ လမ်းပေါ် အိပ်နေရသူ တွေရဲ့ အဖြစ်ကို စာနာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ အဆက်ပြတ်ပြီး အထီးကျန် နေရသူတွေ အပေါ် စာနာဖေးမ ကြဖို့လည်း မစ္စတာ ကိုဘင်က တိုက်တွန်း ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ