စစ်တပ်ကသတ်ဖြတ်ခဲ့တဲ့ လူတွေအတွက် တရားမျှတမှုဖော်ထုတ်ဖို့ UNFC တောင်းဆို

  • 26 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အစိုးရ က ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ် လို့ သတ်မှတ်ထားပေမယ့် ငြိမ်းချမ်းရေး ရဖို့ အလှမ်းဝေးနေ

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ရဲ့ တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား တစ်ဦးတို့ကို အစိုးရစစ်တပ်က တရားမဲ့ ဖမ်းဆီး သတ်ဖြတ်ခံခဲ့တာနဲ့ ပတ်သက်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က တရားမျှတမှု ဖော်ဆောင်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့က လွိုင်ကော်မြို့နယ်အတွင်း KNPP ရဲ့ ယာယီ စစ်ဆေးရေး ဂိတ် တစ်ခုဖြစ်တဲ့ ၇ မိုင် ကင်းစခန်းကို အစိုးရ စစ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီ လူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်လိုက်တာဟာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုကို နှောင့်နှေးစေပြီး ၂ ဖက် တွေ့ဆုံဆွေးနွေးရေးက ရရှိထားတဲ့ ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်တယ်လို့ UNFC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဦးသိန်းစိန်အစိုးရ လက်ထက်အတွင်း KNPP လက်နက်ကိုင်အဖွဲ့ဟာ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ထားခဲ့ပြီးတဲ့နောက် အဲဒီ စစ်ဆေးရေး ဂိတ်ကို ဖွင့်ခွင့်ပြုထားတဲ့အကြောင်းနဲ့ အဲဒီအချိန် ကတည်း က ဂိတ်ကို အခုအချိန်ကာလအထိ ဖွင့်လှစ်ထားတာ ဖြစ်ကြောင်း UNFC ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော် က ဘီဘီစီ ကို ပြောပါတယ်။

KNPP ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းနေတဲ့အဖွဲ့ဖြစ်တယ်လို့လည်း သူ က ပြောပါတယ်။

တပ်မတော်ဖက်ကတော့ တိုက်ပွဲဖြစ်လို့ အဲဒီ ၄ ဦး သေဆုံးခဲ့တာလို့ထုတ်ပြန်ထားပါတယ်။

အစိုးရ စစ်တပ်ကားတွေ အဆိုပါဂိတ်ကိုဖြတ်သန်းသွားစဉ်မှာ သစ်တွေ သယ်ဆောင်သွားတာ ကို

KNPP တပ်ဖွဲ့ဝင်တွေ က စစ်ဆေးတွေ့ရှိခဲ့ရပြီးတဲ့နောက် အခုလို ဖြစ်ရပ်တွေ ပေါ်ပေါက် လာခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင် ပေးဖို့ အတွက် UNFC က အစိုးရစစ်တပ်ကို တောင်းဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ