ကမ္ဘာကျော် ဘောလုံးသမားဟောင်း သမ္မတအရွေးခံရ

  • 29 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာကျော် ဘောလုံးသမားဟောင်းGeorge Weah အနိုင်ရ

လိုင်ဘေးရီးယား သမ္မတ ရွေးကောက်ပွဲမှာ ကမ္ဘာကျော် ဘောလုံးသမားဟောင်းGeorge Weah အနိုင်ရသွားကြောင်း တရား၀င် ကြေညာပြီးနောက် မြို့တော် Monrovia က လမ်းတွေ ပေါ်မှာ အောင်ပွဲခံနေကြပါတယ်။

ဂျော့ချ် ဝီယား ဟာ ပညာတတ် တစ်ယောက်လည်း မဟုတ်၊ နိုင်ငံရေးသမား တစ်ယောက် ရှိသင့်တဲ့ အရည်အသွေးတွေလည်း မရှိဘူးလို့ ပြောနေကြပေမယ့် သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်မယ့်သူပါလို့ အောင်ပွဲခံနေသူတွေထဲ တစ်ယောက် ဖြစ်တဲ့ ဒိုင်းမွန်း ကူးပါးက ပြောပါတယ်။

မဲရေတွက်မှု ပြီးသလောက်နီးပါး ရှိနေချိန်မှာ မစ္စတာ ဝီးယားက ၆၁ ရာနှုန်းနဲ့ ပြိုင်ဖက် လက်ရှိ ဒုတိယသမ္မတ Joseph Boakai ကို အနိုင်ရသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ ဘွေခိုင်းဟာ မဲ ၃၈ ရာနှုန်းသာ ရခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဝီးယား သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရမှုဟာ အနောက်အာဖရိက နိုင်ငံတစ်ခု ဖြစ်တဲ့ လိုင်ဘေးရီးယားမှာ ၁၉၄၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီ နည်းကျတဲ့ အာဏာ လွှဲပြောင်းမှု ဖြစ်လာစေမှာပါ။

မစ္စတာ ဝီးယား ဟာ ဖီဖာက ချီးမြှင့်တဲ့ အကောင်းဆုံး ဘောလုံးသမားဆုနဲ့ Ballon d'Or လို့ခေါ်တဲ့ ပြင်သစ် ဘောလုံးအဖွဲ့က နှစ်စဉ် ချီးမြှင့်တဲ့ ရွှေဘောလုံး ဆုတွေကို ဆွတ်ခူးခဲ့ဖူးတဲ့ တစ်ဦးတည်းသော အာဖရိက တိုက်သား ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ