ငြိမ်းချမ်းရေးတန်ဖိုး သိအောင်လုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

  • 29 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ထား

ငြိမ်းချမ်းရေးက အားလုံးအတွက် အကျိုးအမြတ် ရှိနိုင်တယ်ဆိုတာကို ထင်ရှားအောင် ပြည်သူတွေက ဝိုင်းဝန်း လုပ်ဆောင်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ်က လူငယ်တွေနဲ့ 'ငြိမ်းချမ်းရေးစကားဝိုင်း'မှာ တိုက်တွန်းလိုက်ပါတယ်။

ငြိမ်းချမ်းရေးကို မလိုလားသူတွေက ငြိမ်းချမ်းရေး တန်ဖိုးကို မသိသေးလို့ ဖြစ်တယ်၊ ဒါကြောင့် ငြိမ်းချမ်းရေးတန်ဖိုးကို သိလာအောင် ပြည်သူတွေက ကူညီလုပ်ဆောင်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ကယားပြည်နယ်ကို သွားရောက်ခဲ့ပြီး လွိုင်ကော်မြို့မှာ ကယားပြည်နယ်အခြေစိုက် လူငယ်တွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအဖြစ် ဆွေးနွေးခဲ့စဉ် အဲဒီလို ပြောတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ လုံးဝတူတာ မဟုတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးရပြီး ရင်ကြားစေ့ရေးမရှိတာလည်း ဖြစ်နိုင်ပေမဲ့ ရင်ကြားစေ့ရေး မရှိဘဲနဲ့တော့ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

လက်ရှိငြိမ်းချမ်းရေးအခြေအနေနဲ့ ပတ်သက်လို့ စကားဝိုင်းမှာပါဝင်တဲ့ ဦးဖရားရယ်ကလည်း 'ငြိမ်းချမ်းရေးက ရပ်နေတယ်လို့ ကျွန်တော်မြင်တယ်။ တချို့ကိစ္စတွေမှာဆိုရင် အနုတ်လက္ခဏာဆောင်နေသလား အောက်မေ့ရတယ်'လို့ ပြောပါတယ်။

လူငယ်တွေဘက်က ဆွေးနွေးချက်တွေမှာတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးစင်တာတွေ ပြည်နယ်တွေမှာ ဖွင့်ပေးဖို့၊ ငြိမ်းချမ်းရေးကို ရချင်ရင် တရားမျှတမှု ရအောင် လုပ်ပေးဖို့၊ NCA စာချုပ်ပါ အချက်အလက်တွေကို အများပြည်သူ သိရှိအောင် လုပ်ဆောင်ပေးဖို့၊ တိုင်းရင်းသား ဘာသာစကား သင်ကြားတဲ့ နေရာမှာ အစိုးရပိုင်းက ကူညီပေးဖို့ နဲ့ မြေသိမ်းတဲ့ကိစ္စတွေကို တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။

ဒီစကားဝိုင်းမှာ ကယားပြည်နယ်အခြေစိုက် လူငယ် ၈ ဦးနဲ့ ဆွေးနွေးခဲ့တာပါ။ စကားဝိုင်းနဲ့ပတ်သက်ပြီး ပါဝင်ဆွေးနွေးတဲ့ လူငယ် ၈ ဦးရွေးချယ်တဲ့အခါ ပွင့်လင်းမြင်သာမှု မရှိတာ၊ အသက် ၃၂ နှစ်ထက်ကြီးတဲ့သူတွေ ပါဝင်နေတာ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ဝေးနေတဲ့လူတွေ ပါဝင်နေတဲ့အပေါ်မှာတော့ ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်လို့ သတ်မှတ်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့က ငြိမ်းချမ်းရေး စကားဝိုင်းပြုလုပ်ခဲ့ပြီး အခုနှစ် ကုန်ပိုင်းမှာလည်း နောက်ထပ်တစ်ကြိမ် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ