ကချင်မှာ တပ်မတော်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

  • 30 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ကေအိုင်အေ စစ်သည်အချို့ကို တွေ့ရစဉ်

လတ်တလောကာလအတွင်း ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ နဲ့ အစိုးရ စစ်တပ်တို့အကြား ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ တပ်မတော်ဘက်က လေကြောင်းသုံး တိုက်ခိုက်မှုတွေ ပြုလုပ်လာနေတယ်လို့ ကချင်ဒေသခံ အချို့နဲ့ ကေအိုင်အေ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတါင်း ဗန်းမော်ခရိုင်အတွင်းက ကေအိုင်အေ တပ်ရင်း ၁၂ နဲ့ ၁၇ တို့ရဲ့ နယ်မြေတွေနဲ့ တနိုင်းဒေသက ကေအိုင်အေ တပ်ရင်း ၁၄ နယ်မြေတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ကေအိုင်အေရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ရုံးမှ ဦးဒေါင်ခါးရ်က ဘီဘီစီကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးနေ အမြောက်အမြားသုံးလာနေတဲ့ လတ်တလော တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်းက ဂိဒွန်ဒေသ တိုက်ပွဲတွေအပြီး အပြင်းထန်ဆုံး တိုက်ပွဲတွေဖြစ်လာနေတယ်လို့ ဦးဒေါင်ခါးရ်က ဆိုပါတယ်။

ကေအိုင်အေ တပ်ရင်း ၁၄ နဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်နေတဲ့ နေရာဟာဆိုရင် တနိုင်းနဲ့ ဖားကန့် ဒေသဆက်သွယ်မှုလမ်းကြောင်းအတွက် အပါဝင် လီဒိုလမ်းမတလျှောက်ကိုပါ လုံခြုံရေးအရ စိုးမိုးနိုင်တဲ့ နယ်မြေတွေဖြစ်တဲ့အတွက် မဟာဗျူဟာအရ အရေးပါတယ်လို့ ယူဆပြီး အစိုးရတပ်မတော်ဘက်က ထိုးစစ်ဆင်နေတာဖြစ်ဖွယ် ရှိတယ်လို့လည်း ဦးဒေါင်ခါးရ်က ပြောပါတယ်။

၂၀၁၇ ခုနစ်ကို အစိုးရက ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ထားပြီး လတ်တလော တိုက်ပွဲတွေမပါဝင်သေးပဲ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ တနှစ်အတွင်း တိုက်ပွဲပေါင်း ၂၃၀ ကျော်ဖြစ်ခဲ့တယ်လို့ Myanmar Peace Monitor ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ကေအိုင်အေနဲ့ အစိုးရတပ်အကြား ပဋိပက္ခလျှော့ချရေးအတွက် တဖွဲ့ချင်းဆွေးနွေးဖို့ ပြီးခဲ့တဲ့ မေလက အစိုးရဆီကို ကေအိုင်အေဘက်က စာပို့ခဲ့ပြီး အဲဒီကိစ္စအတွက် တွေ့ဆုံဆွေးနွေးနိုင်တာတော့ မရှိခဲ့ပါဘူး။

ရှမ်းမြောက်ဒေသဘက်မှာလည်း တအာင်းပလောင်တပ်ဖွဲ့နဲ့ အစိုးရတပ်အကြားတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာနေပြီး အစိုးရစစ်တပ်ဘက်က စစ်ရေးပြင်ဆင်မှုတွေအရ လာမဲ့အပတ်တွေအတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဦးဒေါင်ခါးရ်က သုံးသပ်ပါတယ်။

ရှမ်းမြောက်နမ့်ခမ်းမြို့နယ်ဘက်မှာလည်း ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက တပ်မတော် ရဟတ်ယာဉ်တွေ ပျံဝဲနေတာတွေ့ရတယ်လို့ နမ့်ခမ်းမြို့ခံအချို့ကလည်း ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Jai Mao Mao
Image caption နမ့်ခမ်းမြို့ပေါ်ကနေ တွေ့ရတဲ့ ရဟတ်ယာဉ်အချို့

ဒီဇင်ဘာလ ၂၉ ရက်နေ့ ည တညလုံးလည်း ပစ်ခတ်သံတွေကို မြို့ပေါ်ကနေ ကြားနေခဲ့ရတယ်လို့ နမ့်ခမ်းမြို့ခံတွေက ပြောပါတယ်။