ဒုက္ခသည် တစ်သိန်း ပထမအဆင့် ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် ရည်ရွယ်

  • 30 ဒီဇင်ဘာ 2017
Image caption ဇန်နဝါရီမှာ စတင်ကြဖို့ နှစ်နိုင်ငံ သဘောတူထား

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန်လည် ပို့ဆောင်ရာမှာ ပထမဆုံး အသုတ် အနေနဲ့ အရေအတွက် တစ်သိန်း ပို့ပေးနိုင်ဖို့ ရည်ရွယ် ထားတယ် ဆိုပြီး အစိုးရ ထိပ်တန်း ဝန်ကြီး တစ်ယောက် ဖြစ်တဲ့ အိုဘိုင်ဒူလ် ကွာဒါက ပြောပါတယ်။

မစ္စတာ ကွာဒါဟာ လက်ရှိ အာဏာရပါတီ ဘင်္ဂလားဒေ့ရှ် အာဝါမီ လိဂ် BAL ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်ပြီး၊ အစိုးရ ကက်ဘိနက်ထဲ လမ်းတံတား ပို့ဆောင်ရေး ဝန်ကြီး တာဝန်ကို ရယူ ထားသူ ဖြစ်ပါတယ်။

စေလွှတ်မယ့် လူ စာရင်း အရေအတွက်ကို မြန်မာ အာဏာပိုင်တွေထံ ပေးပို့နိုင်ဖို့ ပြင်ဆင် နေပြီး၊ ဒုက္ခသည် လွှဲပြောင်းရေး အစီအစဉ် ဇန်နဝါရီလ နှောင်းပိုင်းမှာ စတင်လာဖို့ မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။

ဒုက္ခသည် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် ၂ဝ၁၈ ဇန်နဝါရီမှာ စတင်ကြဖို့ မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူ ထားပါတယ်။

ဒုက္ခသည် စိစစ် လက်ခံရေးကို တာဝန်ယူထားတဲ့ မြန်မာ လူဝင်မှု ကြီးကြပ်ရေး ဌာန အနေနဲ့တော့ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့လာတဲ့ စာရင်းဇယား တစုံတရာ မရရှိ သေးဘူးလို့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီ ကိုပြောပါတယ်။

Image caption တစ်ရက်ကို စုစုပေါင်း ၃ဝဝ ဝန်းကျင် လက်ခံ သွားနိုင်

ပြန်လာလိုသူတွေ ဖြည့်စွက်ရမယ့် လျှောက်လွှာပုံစံတွေကို လွန်ခဲ့တဲ့ တစ်လကျော် ကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ပေးပို့ ထားပြီး ဖြစ်တယ်လို့လည်း ဦးမြင့်ကြိုင်က ဆိုပါတယ်။

တကယ်လို့ အဲဒီ လျှောက်လွှာတွေကို ဖြည့်စွက်ပြီး ပြန်လည် ပေးပို့ လာတဲ့ အခါ၊ ဘယ်သူတွေဟာ မြန်မာ နိုင်ငံထဲ နှစ်ရှည်လများ အခြေချ နေထိုင် ခဲ့ဖူးသူတွေ ဟုတ်မဟုတ် ဆိုတာကို မြန်မာ အာဏာပိုင်တွေထံမှာ ရှိနေတဲ့ အချက်အလက် မှတ်တမ်းတွေနဲ့ တိုက်ဆိုင် စစ်ဆေး သွားမှာ ဖြစ်ပါတယ်။

စိစစ်ပြီးတဲ့ အခါ ဘယ်သူတွေကို လက်ခံတယ်၊ ဘယ်ရက်မှာ ဘယ်နှစ်ယောက်ကို စေလွှတ်ပါ ဆိုပြီး မြန်မာ အာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို အသိပေးသွားမှာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်

ကုန်းလမ်းက ဝင်လာမယ့် သူတွေကို တောင်ပြိုလက်ဝဲ စခန်း၊ ရေလမ်းက လာမယ့်သူတွေကို ငါးခူရ စခန်းတို့ကနေ လက်ခံမှာ ဖြစ်ပြီး တစ်ရက်ကို စုစုပေါင်း ၃ဝဝ ဝန်းကျင် လက်ခံ သွားနိုင်တယ်လို့ ဦးမြင့်ကြိုင်က ဆိုပါတယ်။

၁၉၉၃ အတွေ့အကြုံအရ အဲဒီတုန်းက ပြန်လည် လက်ခံရေးဟာ ၂ဝဝ၅ ခုနှစ် အထိ ကြာမြင့် ခဲ့ပြီး၊ အဲဒီ နှစ်ကာလတွေမှာ စုစုပေါင်း တစ်သိန်းခွဲ ဝန်းကျင် ပြန်လည် လက်ခံ ခဲ့တာ ဖြစ်ပါတယ်။

အခု နောက်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ ရခိုင် ပြည်နယ် မတည်ငြိမ်မှုတွေ အတွင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး သွားကြတဲ့ ရိုဟင်ဂျာ အရေအတွက် ခြောက်သိန်းခွဲ ဝန်းကျင် ရှိတယ်လို့ ကုလသမဂ္ဂ စာရင်းဇယားတွေက ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ