မွန် အုပ်ချုပ်ရေးမှူးတွေ အဂတိလိုက်စားမှုကြောင့် အပြစ်ပေးခံရ

  • 5 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Mon State Government Office Facebook
Image caption အခုအစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတွေ လျော့ပါးလာပြီလို့ဆို

ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်အောင် ကြိုးစား နေပေမဲ့ မွန်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းမှာ အဂတိ လိုက်စားမှုတွေ ရှိနေသေးပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်မှုတွေ ရှိနေ တယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောပါတယ်။

တိတိကျကျ သိရတဲ့ အဂတိလိုက်စားမှုတွေကို စစ်ဆေးမေးမြန်းပြီး ထိထိ ရောက်ရောက် အရေးယူ ထားရာမှာ ရေးမြို့မှာ ဖြစ်ခဲ့တဲ့ အမှု ကိစ္စ တစ်ခု အတွက် ရဲ တစ်ယောက် ကို ထောင် ၅ နှစ် အထိ ချမှတ်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး တွေရဲ့ အဂတိလိုက်စားမှုတွေကို အရေးယူတာတွေ အများအပြား ရှိနေပြီး လောလောဆယ် တရားရင်ဆိုင် နေရတာ သုံးမှုနဲ့ ဥပဒေအရ အပြစ်ပေးခဲ့တာ နှစ်မှု ရှိတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေရဲ့ အမှု အများစုက ခွင့်ပြုချက်မယူဘဲ မြေကွက်တွေကို အကွက်ရိုက်ပြီး အိမ်ကွက်တွေ အဖြစ် ရောင်းစားတာဖြစ်ပြီး ရဲတွေ အပိုင်းမှာတော့ အမှုတည်ဆောက်ရာမှာ ငွေတောင်းခံကြတာ ဖြစ်ပါတယ်။

အခု အစိုးရ လက်ထက်မှာ အဂတိလိုက်စားမှုတွေ လျော့ပါးလာပြီဖြစ်ပေမဲ့ ပပျောက်အောင် လုပ်နိုင်ဖို့ ကတော့ ပြည်သူ လူထုကပါ ပူးပေါင်း ပါဝင်ဖို့လိုတယ်၊ လုပ်ငန်း ဆောင်တာတွေ မြန်ဆန်အောင် ငွေပေးတာမျိုး မလုပ်ဘဲ နည်းမှန် လမ်းမှန်နဲ့ ဆောင်ရွက်သင့်သလို တာဝန်ရှိသူတွေ ဖက်ကလည်း လာဘ်ပေးတာကို လက်မခံဖို့ လိုတယ်လို့ ဒေါက်တာ အေးဇံက ပြောပါတယ်။

မွန်ပြည်နယ် အတွင်းမှာတော့ လက်ရှိ အစိုးရ လက်ထက်မှာ ကဏ္ဍပေါင်းစုံမှာ အရင်ကလောက် အဂတိလိုက်စားမှု တွေ မရှိတော့ဘူးလို့ လည်း ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ