ကူမင်း-ရွှေလီ လမ်း ကျောက်ဖြူနဲ့ ရန်ကုန် ချိတ်ဆက်ဖို့ရှိ

  • 6 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် AMELIE HERENSTEIN
Image caption တရုတ်အတွက် အရေးကြီးတဲ့ One Belt One Road စီမံကိန်းကြီး

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ ကိုယ်တိုင် အဆိုပြုခဲ့တာ ဖြစ်ပြီး ကူမင်း-စင်္ကာပူရထားလမ်းလိုပဲ ကြီးမားတဲ့ စီမံကိန်းကြီး တခုဖြစ်တယ်ဆိုပြီးတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးကနေ နိုင်ငံပိုင်သတင်းစာတွေမှာ ပြောထားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတခု လမ်းကြောင်းတခု (one belt, one road) စီမံကိန်းကို မြန်မာနိုင်ငံဖက်က မူအားဖြင့် သဘောတူ ထားပြီး စီမံကိန်းရဲ့ တစိတ်တပိုင်းအဖြစ် တရုတ်ပြည် ကူမင်းကနေ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ အထူးစီးပွားရေးဇုန် နဲ့ မန္တလေး ရန်ကုန်မြို့ကြီးတွေ အထိ ချိတ်ဆက်ဖို့ ရည်မှန်းထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဒု အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption Belt and Road ဖိုရမ် ဒေါ်စုတက်

ကျောက်ဖြူ-ကူမင်းရထားလမ်း စီမံကိန်းကို အကောင်အထည် ဖော်ဖို့ အရင် တပ်မတော်အစိုးရ လက်ထက်၊ ဦးသိန်းစိန် အစိုးရ လက်ထက် တွေမှာတုန်းကတော့ မြန်မာ နဲ့ တရုတ်အစိုးရကြား ညှိနှိုင်းဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

နှစ်ဖက် အကြေအလည် ဆွေးနွေးခဲ့ပြီး နားလည်မှုစာချွန်လွှာ အမ်အိုယူ သဘောတူ လက်မှတ်ရေးထိုးတာတွေ လုပ်ခဲ့ပြီးကာမှ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်မှာတော့ အမ်အိုယူ သက်တမ်း ထပ်မတိုးတော့ဘဲ စီမံကိန်းအတွက် ဆွေးနွေးမှု တွေဟာလည်း မြစ်ဆုံစီမံကိန်းနဲ့ အတူ တခန်းရပ်ခဲ့ပါတယ်။

တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါ်ခင်ခင်ကျော်ကတော့ အခုစီမံကိန်းဟာ အရင် ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကို တနည်းတဖုံ ပြန်လည် ဖော်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်ဖက်ကတော့ အရင်အစိုးရတွေလက်ထပ်မှာတုန်းက အကောင်အထည်မဖော်နိုင်ခဲ့တဲ့ ဒီရထားလမ်း စီမံကိန်းကို အခုအစိုးရ လက်ထက်မှာ ပြန်လည် ဖော်ဆောင်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ တရုတ်ဖက်က ကူမင်း ရွှေလီ ရထားလမ်း ဖောက်လုပ်ထားပြီး ဒါနဲ့ ချိတ်ဆက်မယ့် မြန်မာနိုင်ငံဖက်က ရထားလမ်းပိုင်းကွန်ရက်ဟာ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရန်ကုန် မန္တလေး မြို့တွေနဲ့ ချိတ်ဆက်မယ်လို့ ပြောပေမယ့် လမ်းကြောင်းကတော့ အပြောင်းအလဲ တချို့ ရှိနိုင်တယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ဒုအမြဲတမ်းအတွင်းဝန် ဦးအောင်မျိုးမြင့် ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဘီဘီစီ တဝန်း