စခန်းပိတ်သိမ်းမယ့် အစီအစဉ်ကို စိုးရိမ်မှုတချို့ရှိ

  • 6 ဇန်နဝါရီ 2018
Image caption ၂ဝ၁၂ ကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဒုက္ခသည်စခန်း

ရခိုင်ပြည်နယ် စစ်တွေနဲ့ မြေပုံမြို့တွေက မွတ်ဆလင် ဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းပြီး ပြန်လည် နေရာချပေးမယ် ဆိုတဲ့ အစိုးရ အစီအစဉ်အပေါ် စိုးရိမ်မှုတွေ ရှိနေတယ်လို့ သက်ကယ်ပြင် ဒုက္ခသည် စခန်းထဲ နေထိုင် နေသူ တချို့က ဘီဘီစီကို ပြောပါတယ်။

နေရာသစ်မှာ ရွှေ့ပြောင်း နေရာချမယ် ဆိုရင် ဘိုးဘွား အစဉ်အဆက် နေလာခဲ့တဲ့ နေရာတွေကို လက်လွှတ် ဆုံးရှုံးသွားမှာကို စိုးရိမ် နေတယ်လို့ သက်ကယ်ပြင် စခန်းထဲက ဒုက္ခသည် ဆာဟစ်ခန်း ခေါ် သန့်ဇင်ထွန်းက ပြောပါတယ်။

လက်ရှိ စခန်းထဲမှာလည်း လူတွေ ကြပ်သိပ်အောင် နေနေရပြီး၊ ကျန်းမာရေး စောင့်ရှောက်မှုက အစ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း နိုင်ငံခြားသားတွေ သဖွယ် သတ်မှတ် ဆက်ဆံပြီး မူလ နေရာကို ပြန်ခွင့် မပေးတော့မှာမျိုးကိုတော့ မလိုလားဘူးလို့ ပြောပါတယ်။

Image caption စခန်းမှာ နေထိုင်ရတယ် ဆိုတဲ့ ယာယီပဲ ဖြစ်သင့်

သက်ကယ်ပြင် စခန်းပိတ်သိမ်းရေးနဲ့ ပတ်သက်ပြီး စခန်းအုပ်ချုပ်ရေး ကော်မတီဝင် တွေနဲ့ သွားရောက် တွေ့ဆုံ ခဲ့တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ စီမံခန့်ခွဲမှု ဥပဒေ အရ နဂိုမူလထက် ပိုမို ကောင်းမွန်တဲ့ အခြေအနေ တစ်ရပ်ကို ဖန်တီးပေးဖို့ စီစဉ်ညှိနှိုင်း နေတာ ဖြစ်တယ် ဆိုပြီး ဘီဘီစီကို ပြောပါတယ်။

စီစဉ်တဲ့အခါ ဇွတ်အတင်း ပြောင်းရွှေ့ စေတာမျိုး ဆောင်ရွက်မှာ မဟုတ်ပဲ၊ အားလုံး သဘောတူ လက်ခံလာတဲ့ အထိ ညှိသွားမယ်လို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။

ဒါပေမယ့်လည်း ပိတ်သိမ်းဖို့ စီစဉ်နေတဲ့ ဒုက္ခသည် စခန်းတွေဟာ ၂ဝ၁၂ ပဋိပက္ခတွေ ကတည်းက ပေါ်ပေါက် လာတာ ဖြစ်လို့၊ ဒုက္ခသည် စခန်းမှာ နေထိုင်ရတယ် ဆိုတာ ယာယီပဲ ဖြစ်သင့်တာကြောင့် ပိုပြီး အခြေတကျ ရှိစေမယ့် နေရာမျိုးမှာ ပြန်လည် နေရာချပေးနိုင်ဖို့ ကြိုးစား နေရတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၂၀၁၇မြန်မာ့သတင်း သုံးသပ်ချက် ပထမပိုင်း

ဘယ်အရပ်တွေမှာ နေရာချမယ်၊ ဘယ်တော့ လုပ်ငန်းစဉ် စမယ် ဆိုတာကိုတော့ တိတိကျကျ မသိ ရသေးပါဘူး။

လူတွေ အလုပ်အကိုင် ရရှိနိုင်တဲ့ နေရာမျိုး ဖြစ်ဖို့ အရေးကြီးတယ် ဆိုတဲ့ အချက်ကိုတော့ ဒေါက်တာ ဝင်းမြတ်အေးက ပြောထားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ