အာဆာက အချိန်ကိုက် တိုက်ခိုက်တာလို့ အစိုးရ တုံ့ပြန်

  • 7 ဇန်နဝါရီ 2018
Image caption ပါကစ္စတန်မှာ မွေးဖွားတယ်လို့ နားလည်ထားတဲ့ အတာအူလာ

အာဆာ လက်နက်ကိုင်တွေက သူတို့အနေနဲ့ တခြားရွေးချယ် စရာ မရှိတဲ့ အတွက် သူတို့အနေနဲ့ တိုက်ခိုက်မှုတွေ ဆက်ပြီး လုပ်ဆောင်နေရတယ် ဆိုပြီး ထုတ်ပြန်လာပါတယ်။

မြန်မာ အစိုးရကိုယ်တိုင် အားပေးအားမြှောက် ပြုလုပ်နေတဲ့ အကြမ်းဖက်မှုကို ဆက်လက်ပြီး တိုက်ခိုက် နေရတာ ဖြစ်တယ် ဆိုပြီး အာဆာ အဖွဲ့က လောလောလတ်လတ်မှာပဲ ကြေညာချက် ထုတ်လာတာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က မောင်တောမြို့နယ် တောင်ပြိုမြို့နယ်ခွဲ အပိုင် ထရိန်းကျေးရွာ နားမှာ စစ်မော်တော်ယာဉ်တစင်းကို တိုက်ခိုက်ခဲ့တာ သူတို့ အဖွဲ့ ဖြစ်တယ်လို့လည်း အာဆာအဖွဲ့က ဝန်ခံ ထားပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း အသံ သိပ်မကြားရတဲ့ အာဆာအဖွဲ့ ဆီက အခုလို ကြေညာချက် ထွက်လာတာပါ။

ဓာတ်ပုံ မူပိုင် MOI
Image caption စစ်မော်တော်ယာဉ်တစင်းကို တိုက်ခိုက်ခဲ့

အာဆာအဖွဲ့ရဲ့ ပြောဆိုမှုတွေကို နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ငြင်းဆိုပါတယ်။

ဒါ့အပြင် အာဆာ အဖွဲ့က တိုက်ခိုက်တာတွေဟာ အချိန်အခါကို သေချာရွေးချယ်ပြီး ကျူးလွန်ခဲ့တာတွေ ဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာ ထွက်လာတဲ့ အချိန်၊ ၂ဝ၁၇ ဩဂုတ်လထဲမှာ နယ်ခြားစောင့် စခန်းတွေကို အာဆာတွေက တိုက်ခိုက်ခဲ့သလို၊ အခု ဒုက္ခသည် ပြန်လည် လက်ခံရေး ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ကို အကောင်အထည် ဖော်ဆောင် လာတော့မယ့် အချိန်မှာ အာဆာက တိုက်ခိုက်ခဲ့ပြန်တာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

၂ဝ၁၆နဲ့ ၂ဝ၁၇ တို့မှာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့ အာဆာလို့ ခေါ်တဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မှာ အင်အား ဘယ်လောက်ရှိတယ်၊ ရေရှည် ဘယ်လိုရည်မှန်းချက်တွေ ရှိတယ်ဆိုတာ သိပ်မသိရပါဘူး။

ပါကစ္စတန်မှာ မွေးဖွားတဲ့ အတာအူလာဆိုသူ ရိုဟင်ဂျာတယောက်က ပြီးခဲ့တဲ့ သြဂုတ် လတုန်းက ဗွီဒီယိုရိုက်ပြီး ထုတ်ပြန်ခဲ့တဲ့ အထဲမှာတော့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် ညှဉ်းပန်းနေတာတွေကို ကာကွယ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ခုခံဖို့ အာဆာ လက်နက်ကိုင်တွေက တိုက်ခိုက် နေရတာ ဖြစ်တယ်လို့ ပြောထားပါတယ်။

မြန်မာစစ်တပ်ကတော့ အာဆာဆိုတာ အစ္စလမ်မစ်အကြမ်းဖက် လှုပ်ရှားမှုလို့ မြင်နေပြီး သူတို့ဘက်က ပြင်းပြင်းထန်ထန်ချေမှုန်းတာ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘင်္ဂလားဒေ့ရှ်ဘက် ဒုက္ခသည် စခန်းက အခြေအနေ

ပြီးခဲ့တဲ့သြဂုတ်လ တိုက်ခိုက်မှုနောက်ပိုင်း အာဆာက အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာခဲ့ဖူးပါတယ်။

ဒါဟာ ရိုဟင်ဂျာ အမြောက်အမြား ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခိုလှုံကြတဲ့အတွက် သူတို့ရဲ့ အနေအထားကို အကြီးအကျယ် ယုတ်လျော့စေတယ်လို့ ယူဆရပါတယ်။။

ဒါပေမယ့် ပြီးခဲ့တဲ့သောကြာနေ့က စစ်ကားကို တိုက်ခိုက်လာခဲ့မှုကို ကြည့်ရင် ရိုဟင်ဂျာ လက်နက်ကိုင်တွေ ဆက်လက် ရှိနေသေးတယ် ဆိုတာ ပြသလိုက်တာပဲလို့ ဘီဘီစီ အရှေ့တောင်အာရှ သတင်းထောက် ဂျော်နသန်ဟက်က ပြောပါတယ်။

Image caption က္ခသည် ပြန်လည် လက်ခံရေး ဇန်နဝါရီမှာ စဖို့ သဘောတူထား

အခုအာဆာရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် မြန်မာအစိုးရအပေါ် တိုက်ခိုက်တာ တရားနည်းလမ်း ကျတယ်လို့ ဆိုထားတဲ့အတွက် နောက်ထပ် တိုက်ခိုက်မှုတွေ ဆက်ရှိလာနိုင်ပါတယ်။

ဒီလို ရှိလာရင်တော့ နိုင်ငံတကာ ကယ်ဆယ် ကူညီရေးအဖွဲ့တွေနဲ့ မီဒီယာတွေ ရခိုင်ပြည်နယ်ထဲ ဝင်ခွင့်ရလာဖို့ တပ်မတော်ဘက်က ပို ခက်ခဲအောင် လုပ်လာ နိုင်တယ်လို့လည်း ဂျော်နသန်ဟက်က ဆိုပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုတွေ ဆက်ရှိလာပြီ ဆိုရင် ရိုဟင်ဂျာဒုက္ခသည် ပြန်လက်ခံရေး ဟာလည်း မူလ အလှမ်းဝေး နေတာထက်ကို ပိုဆိုး သွားနိုင်တယ်လို့ ဂျော်နသန်ဟက်က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ