တအာင်း ပလောင်တပ်ဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲ ဆက်ဖြစ်

  • 7 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် TNLA
Image caption ကျောက်မဲမြို့နယ်မှာ တအာင်း ပလောင်တပ်ဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေ

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲ ဖြစ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အခု ရက်ပိုင်းမှာလည်း တအာင်းပလောင် တပ်ဖွဲ့နဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ဆက်ခဲ့သလို ကျောက်မဲ ဒေသမှာဆိုရင် စစ်ဘေးရှောင် အရေအတွက်က တိုးလာနေပါတယ်။

ကျောက်မဲမြို့နယ် မိုင်းငေါ့ ၊ မိုင်းလုံ ဒေသတွေမှာ ဒီဇင်ဘာလ နောက်ဆုံးပတ် ကတည်းက စလို့ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ကျောက်မဲ မြို့နယ်အတွင်း ဒီရက်ပိုင်း တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကတော့ ကျောက်မဲနဲ့ တအာင်း ပလောင်ဒေသ နမ့်ဆန် သွားလမ်းပေါ်က မိုင်းငေါ့ဒေသနဲ့ ပြင်ဦးလွင်-မိုးကုတ်သွားလမ်းပေါ်က ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း နယ်စပ်နားက မိုင်းလုံ မြို့နယ်ခွဲ အတွင်းမှာ ဖြစ်ပွားနေတာပါ။

ဒေသတွင်းမှာ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ RCSS လည်း လှုပ်ရှားနေပေမယ့် အရင်က တိုက်ပွဲ ဖြစ်ဖူးတဲ့ RCSS နဲ့ တအာင်း ပလောင်တပ်ဖွဲ့အကြား လတ်တလော တိုက်ခိုက်တာတော့ မတွေ့ရဘူးလို့ တအာင်း ဒေသတွင်း အခြေစိုက် မီဒီယာ ဖြစ်တဲ့ မားနဂါး သတင်းဂျာနယ်က အယ်ဒီတာ မိုင်းကောင်းဆိုင်က ပြောပါတယ်။

နမ့်ခမ်းပိုက်လိုင်းမှာ တပ်မတော်နဲ့ လက်နက်ကိုင် တိုက်ပွဲဖြစ်

တအာင်းနဲ့ SSPP/SSA တို့ တိုက်ပွဲဖြစ်

တခါတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေလည်း တိုးလာနေတယ်လို့ ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

တအာင်း ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံမှာလည်း ည ၈ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ကို တိုးမြှင့် ထုတ်ပြန်ထားပြီး နမ့်ခမ်း ကွတ်ခိုင် ဒေသဘက်မှာတော့ လတ်တလောမှာ တိုက်ပွဲ မပြင်းထန်ပေမယ့် ပစ်ခတ်သံတွေ ကတော့ ကြားနေရဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

TNLA နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နှစ်ဘက် တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဆက်စပ် အကြောင်းအရာများ