DPN နဲ့ ငြိမ်း/ကော် ဆွေးနွေးပွဲ ရှေ့ဆက်မရ

  • 9 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် UNFC facebook
Image caption မနှစ် နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ UNFC နဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ရဲ့ ဆွေးနွေးပွဲ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(ယူအန်အက်ဖ်စီ)ရဲ့ နိုင်ငံရေးရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်)ရဲ့ အဆိုပြုချက် ၉ ချက်ကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဆွေးနွေး ညှိနှိုင်းနေပါတယ်။

ဆွေးနွေးရာမှာ အထစ်အငေါ့ဖြစ်နေတဲ့ အချက်တွေ အဖြေ ရရှိဖို့ ၂ ဖက် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံ ညှိနှိုင်းနိုင်ဖို့နဲ့ တခြားနည်းလမ်းများကို ဆက်လက် ရှာဖွေဖို့ ယူအန်အက်ဖ်စီရဲ့ ဇန်နဝါရီ ၆ ရက်ကနေ ၈ ရက်အထိ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီ အစည်းအဝေးက ထုတ်ပြန်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ၏ အဆိုပြုချက် (၉) ချက်ကို အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ညှိနှိုင်းလျှက်ရှိရာ နောက်ဆုံး တစ်ဆို့နေသည့် အချက်များအပေါ် အဖြေရရှိရေးအတွက် နှစ်ဖက်ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံ ညှိနှိုင်းနိုင်ရန်နှင့် အခြားနည်း လမ်းများကိုလည်း ဆက်လက် ရှာဖွေ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တဖွဲ့ချင်း NCA ကို လက်မှတ်ထိုးမလား ဒါမှမဟုတ် တပ်ပေါင်းစု အနေနဲ့ တစုတစည်းတည်း လက်မှတ်ထိုးမလား ဆိုတာကတော့ UNFC မှာ ပါတဲ့ အဖွဲ့၀င်တွေ တစုတစည်းတည်း သတ်မှတ်ထားတဲ့ အဆိုပြုချက် ကိုးချက် သဘောတူညီမှု ရရေး အပေါ်မှာ မူတည်တယ်လို့ UNFC ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဦးထွန်းဇော် က ပြောပါတယ်။

လက်ရှိမှာ DPN နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်တို့ရဲ့ အဆိုပြုချက် ကိုးချက် သဘောတူညီမှုရရေး ဆွေးနွေးမှုတွေဟာ ရှေ့ဆက်မရ ဖြစ်နေတာကြောင့် နှစ်ဖက် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဖို့ ကြိုးပမ်းရတာလို့ သူက ဆိုပါတယ်။

ဒီ အဆိုပြုချက် ကိုးချက်ကို ညှိနှိုင်းနေတာ ၁၇ လ ကြာသွားပြီ ဖြစ်ပြီး တရား၀င် ဆွေးနွေးမှုတွေလည်း ၈ကြိမ် တိတိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ