ရခိုင်ပဋိပက္ခမှာ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍ ဆွေးနွေး

  • 9 ဇန်နဝါရီ 2018
Image caption သတင်းဖြစ်ပွားရာ နေရာကို သွားခွင့်မရတဲ့ ကန်သတ်မှုတွေနဲ့ ရင်ဆိုင်နေရ

ရခိုင်ပြည်နယ်အရေးကိစ္စမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ အကြောင်း ဆွေးနွေးပွဲတခုကို ရခိုင်အခြေစိုက် Development Media Group က ကြီးမှူးပြီး ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ရခိုင်ဒေသအရေးဟာ ပြည်တွင်းအရေးကနေ နိုင်ငံတကာအရေး ဖြစ်လာနေချိန်မှာ သတင်းမီဒီယာတွေရဲ့ ကိုင်တွယ်ပုံတွေက အားရ စရာ မရှိဘူးလို့ အဲဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဌ ဦးအောင်လှထွန်းက ပြောပါတယ်။

အစိုးရပိုင် သတင်းစာဟာ ဝါဒဖြန့် သတင်းတွေ ရေးသားခဲ့တဲ့အတွက် လူထုက အယုံအကြည် ကင်းမဲ့နေသလို ပုဂ္ဂလိကပိုင် သတင်း မီဒီယာတွေကလည်း ပြင်ပ ငွေကြေးထောက်ပံ့မှုတွေနဲ့ ရပ်တည်နေရတဲ့ အတွက် သတင်းဖေါ်ပြမှုတွေမှာ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

တခါ ကန့်သတ်မှုတွေကြောင့် သတင်းဖြစ်ပွားရာ နေရာကို ကိုယ်တိုင် သွားခွင့် မရတဲ့အခါမှာ သတင်းကျင့်ဝတ်နဲ့ အမြဲညီတယ်လို့ ပြောလို့ မရတဲ့ ပြည်ပ သတင်း မီဒီယာတွေ ကို အားကိုးလာရတဲ့အတွက် နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ပုံရိပ် မကောင်း ဖြစ်သွားခဲ့ရတယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ်။

မီဒီယာ လွတ်လပ်ခွင့် ထင်သလောက် မရသေး

ရခိုင်အရေး သတင်းမီဒီယာ ဆွေးနွေးပွဲ

သတင်းအချက်အလက် ရယူပိုင်ခွင့်နဲ့ ပွင့်လင်းမြင်သာမှု ဆိုတဲ့ မီဒီယာရဲ့ အဓိက လိုအပ်ချက် နှစ်ခုမှာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို လုံးဝ အားမရဘူးလို့ သူက ပြောပါတယ်။

အထူးသဖြင့် ရခိုင်ဒေသ ပဋိပက္ခနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ သတင်း အရင်းအမြစ်တွေ၊ သတင်းသမားတွေ၊ သတင်းပေးသူတွေကို အကာအကွယ်ပေးဖို့ လိုသလို သတင်းအချက်အလက် သိရှိပိုင်ခွင့်၊ ပွင့်လင်း မြင်သာမှုတွေ မြှင့်တင်ပေးဖို့ လည်း လိုတယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ်။

မီဒီယာ သတင်းဌာနတွေကို အချိန်မီ တုံ့ပြန် ဖြေကြားပေးဖို့ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ပေးဖို့ လိုသလို ပြည်တွင်းမှာ သီးခြား လွတ်လပ်ပြီး အမှီအခိုကင်းပြီး ကိုယ့်ကိုကိုယ် ထိန်းကျောင်းနိုင်တဲ့ မီဒီယာ ပေါ်ထွက်လာအောင် အစိုးရပိုင်းက ဆောင်ရွက်ပေးဖို့ အရေးကြီးတယ်လို့ သတင်းမီဒီယာ ကောင်စီ ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်းက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ