ဒုက္ခသည် ပြန်လက်ခံရေး အကျိတ်အနယ် ဆွေးနွေး

  • 15 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် AFP
Image caption ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့သူ ၆သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြော

ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် ခေါ်ယူရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တွေ ဦးဆောင်ပြီး ဇန်နဝါရီလ ၁၅ရက်နေ့က စလို့ နေပြည်တော်မှာ ၂ရက်ကြာ ဆွေးနွေးမှုတွေ စတင်နေပါပြီ။

ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး အခုတခါ ဆွေးနွေးတာ ကတော့ မူဝါဒ သဘောတူညီချက် သက်သက် မဟုတ်တော့ဘဲ လက်တွေ့ မြေပြင်မှာ ဒုက္ခသည်တွေကို ဘယ်လို စိစစ်မယ်၊ ဘယ်လောက် လက်ခံမယ် ဆိုတဲ့ အချက်တွေကို နှစ်နိုင်ငံ နိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန်တွေ ဦးဆောင် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်က ပထမဆုံးအသုတ်မှာ ဒုက္ခသည် တစ်သိန်းအထိ ပို့ဖို့ ရည်ရွယ်တယ်လို့ ပြောထားပါတယ်။

ပထမတစ်သုတ် တစ်သိန်းပြန်ပို့မယ် ရည်ရွယ်ထား

ဒုက္ခသည် ပြန်ခေါ်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ

မြန်မာဘက်ကတော့ စခန်းတခုမှာ တနေ့ လူ ၁၅၀ ၊ စခန်းနှစ်ခု ၃၀၀ နှုန်းနဲ့ တပတ်ကို ၁၅၀၀ လောက် လက်ခံသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီကို ပြောပါတယ်။

ဟိန္ဒူပဲ ဖြစ်ဖြစ်၊ မွတ်ဆလင်ပဲ ဖြစ်ဖြစ် လျှောက်လွှာ အရင်ပို့တဲ့သူကို အရင် လက်ခံသွားမယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD အနေနဲ့ ဒုက္ခသည်တွေ ကို ပြန်လည် လက်ခံရာမှာ အရေအတွက်ထက် အကြမ်းဖက် သမားတွေ ပါမလာဖို့ကို အဓိကထား စိစစ်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန်တွေ ဦးဆောင်တဲ့ လုပ်ငန်း ကော်မတီအဖွဲ့ရဲ့ အခု နေပြည်တော် အစည်းအဝေး ကနေ အသေးစိတ် အစီအစဉ် ထွက်လာဖို့ ရှိတယ်လို့ UEHRD ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဒါပေမယ့်လည်း အစည်းအဝေး ပထမနေ့မှာပဲ နှစ်ဖက်အကြား အကျိတ်အနယ် ဆွေးနွေးခဲ့ရပြီး ဒီအစည်းအဝေးကနေ ဆုံးဖြတ်ချက် တစုံတရာ ထွက်မလာဘူး ဆိုရင် ဆွေးနွေးမှုတွေ ထပ်လုပ်ရဦးမယ်လို့ အစည်းအဝေး တက်ရောက်နေသူ တဦးက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာတော့ ဒုက္ခသည်တွေကို မောင်တော၊ လှဖိုးခေါင် ယာယီစခန်းအပြင် တောင်ပြိုလက်ဝဲ၊ ငါးခူရ စခန်းတွေမှာ ထားရှိမှာ ဖြစ်ပြီး သူတို့တွေကို လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့က စလို့ လက်ခံမယ်လို့ UEHRDက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ