မြောက်ဦးမှာ ဆန္ဒပြသူတွေကို ရဲက ပစ်ခဲ့ရာမှာ တဦး သေဆုံး

  • 16 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် NARINJARA
Image caption ရခိုင်ဘုရင့် နိုင်ငံတော် ကျဆုံးနေ့ အထိမ်းအမှတ် အခမ်းအနားနေ့ကို ပြာသိုလကွယ်နေ့တိုင်း နှစ်စဉ် ကျင်းပ

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ကျင်းပတဲ့ ရခိုင်ဘုရင့် နိုင်ငံတော် ကျဆုံးနေ့ အထိမ်းအမှတ် အခမ်းအနားကို သက်ဆိုင်ရာက တားမြစ်ခဲ့တဲ့အတွက် လူအုပ်ကြီးက ရဲစခန်းကို ဝိုင်းဝန်း ဆန္ဒပြရာကနေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ လူတစ်ဦး သေဆုံးပြီး လူပေါင်း တစ်ဆယ်ကျော် ဒါဏ်ရာ ရသွားပါတယ်။

ဒဏ်ရာ ရသူတွေကို မြောက်ဦး ဆေးရုံကို ပို့ခဲ့ရာမှာ ဆီးခုံမှာ ဒဏ်ရာရခဲ့သူ တဦး ဆေးရုံမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြာသို လကွယ်နေ့ကို ရခိုင်ဘုရင့် နိုင်ငံတော် ကျဆုံးနေ့ အဖြစ် နှစ်စဉ် သတ်မှတ် ကျင်းပလေ့ ရှိပါတယ်။

အခုနှစ်မှာလည်း ခါတိုင်းလိုပဲ မနက်ပိုင်းမှာ သံဃာတော်တွေကို ဖိတ်ပြီး ပရိတ်တရားနာ၊ စတုဒီသာ ကျွေးမွေးခဲ့ကြောင်း၊ ညနေပိုင်းမှာ စာပေ ဟောပြောပွဲနဲ့ ပြဇာတ်တခု ကျင်းပဖို့ စီစဉ်ထားရာမှာ သက်ဆိုင်ရာက ခွင့်မပြုကြောင်း နေ့လည်ပိုင်းမှာ တားမြစ်ခဲ့တဲ့အတွက် လူအုပ်ကြီးက ဆန္ဒပြခဲ့တာ ဖြစ်ကြောင်း မြောက်ဦး ဒေသခံက ပြောပါတယ်။

နောက်သီးခြား ဖြစ်စဉ် တစ်ခုမှာလည်း ရသေ့တောင်မြို့မှာ ကျင်းပတဲ့ ၂၃၃ နှစ်မြောက် ရခိုင်ဘုရင့် နိုင်ငံတော် ကျဆုံးနေ့ အထိမ်းအမှတ် အခမ်းအနား စာပေ ဟောပြောပွဲကို တက်ရောက် ဟောပြောခဲ့တဲ့ ရခိုင် စာရေးဆရာ ဝေဟင်အောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ နဲ့ ရဲက မနေ့က စစ်တွေမြို့မှာ ဖမ်းဆီးခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ