သွေးထိုးလှုံ့ဆော်သူတွေ ရှိနေတယ်လို့ အာဏာပိုင်တွေပြော

  • 17 ဇန်နဝါရီ 2018
Image caption ခရိုင်အုပ်ချုပ်ရေး ဝင်းထဲထိ လူအုပ်ဝင်ခဲ့

လက်နက်ကိုင် ပဋိပက္ခနဲ့ ဒုက္ခသည် အရေး ပြဿနာတွေ ကိုင်တွယ် ဖြေရှင်း နေရတဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ (ဇန်နဝါရီလ ၁၆ ရက်) အင်္ဂါနေ့က ရခိုင်အရပ်သား ဆန္ဒပြလူအုပ်ထဲ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၇ ယောက်သေဆုံး ခဲ့ပါတယ်။

ရခိုင်အမျိုးသားရေးကို အခြေခံတဲ့ အထိမ်းအမှတ်ပွဲကို ရှေးဟောင်း သမိုင်းဝင် မြောက်ဦးမြို့မှာ အာဏာပိုင်တွေ ပိတ်ပင် ခဲ့တဲ့နောက် ၊ အုံကြွလာတဲ့ လူအုပ်ကြီးဟာ လုံခြုံရေးတပ်ဖွဲ့ဝင် တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တာတွေ ပြုလုပ် ခဲ့ကြပြီး ပစ်ခတ် ဖြိုခွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။

ခရိုင်အုပ်ချုပ်ရေး ဝင်းထဲထိ လူအုပ်ဝင်ခဲ့ပြီး၊ ဆိုင်ကယ်နဲ့ ကားတွေ အပါအဝင် ပစ္စည်းတွေကို ဖျက်စီးတာမျိုး၊ ရဲလက်က သေနတ်ကို လုလာတဲ့ အခြေအနေမျိုးထိ ရောက်ခဲ့တာကြောင့် သတိပေးမှု အဆင့်ဆင့် ပြုလုပ်လို့ မရတဲ့ အဆုံး ပစ်ခတ် ခဲ့ရတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အခင်းဖြစ်ပြီး နောက်တစ်ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

Image caption ရခိုင်ပြည်နယ်အရေး အစည်းအဝေး

လူအုပ်က ပစ်ခတ်တဲ့ ကျောက်ခဲတွေ၊ လောက်လေးတွေကြောင့် ခရိုင်ရဲမှူး အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၂ဝ ဝန်းကျင်လည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး၊ မြောက်ဦးနဲ့ စစ်တွေ ဆေးရုံတွေမှာ ကုသမှု ပေးနေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် အရေး တွေ့ဆုံခဲ့ကြတဲ့ အဲဒီ ဗုဒ္ဓဟူးနေ့က အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်လည်း ရှိနေပြီး၊ ဒီဖြစ်ရပ်မှာ သေဆုံး ဒဏ်ရာရသူတွေ အားလုံးအတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပါတယ်။

ဖြစ်ရပ်မှန် အမြန်ဆုံးဖော်ထုတ်ပြီး ဥပဒေ ချိုးဖောက်သူတွေကို အရေးယူမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ

လူတွေ အုံကြွလာအောင် သွေးထိုး လှုံ့ဆော် ပေးသူတွေ ရှိတယ်လို့ ရခိုင် ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ဘယ်သူဘယ်ဝါတွေ ဘယ်အင်အားစုတွေ ဖြစ်တယ်လို့ ဦးတင်မောင်ဆွေက မပြောပေမယ့် စုံစမ်း ဖော်ထုတ်တာတွေ ပြုလုပ်ပြီးတဲ့အခါ အချိန်နဲ့ တပြေးညီ ထုတ်ပြန် ပေးမယ်လို့ ဆိုပါတယ်။

ဘိုးတော်ဘုရားက ရခိုင်ဘုရင် မဟာသမ္မတမင်းကို ဖြုတ်ချခဲ့တဲ့ နေ့ကို ရခိုင်အချုပ်အခြာ အာဏာ ကျဆုံးတဲ့နေ့၊ ရခိုင် ဘုရင့်နိုင်ငံ ကျဆုံးတဲ့ နေ့ဆိုပြီး အထိမ်းအမှတ်ပွဲ ကျင်းပရာက အခုလို လူတွေ သေဆုံးရတဲ့ အထိ ပဋိပက္ခတွေ ပေါ်ပေါက် လာခဲ့တာ ဖြစ်ပါတယ်။

Image caption မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်

တခါ၊ ရသေ့တောင် ပွဲမှာ ဟောပြောခဲ့တဲ့ အမ်းမြို့နယ် ပြည့်သူ့ လွှတ်တော်အမတ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်ကို ရသေ့တောင် မြို့နယ် ရဲစခန်းက မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့် ထားတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ပြည်သူ့လွှတ်တော် အမတ် တစ်ယောက်ကို အခုလို အမှုဖွင့်နိုင်တာဟာ လွှတ်တော် ဥက္ကဌရဲ့ သဘောတူမှု ရပြီး ဖြစ်နိုင်တယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

စာရေးဆရာ ဝေဟင်အောင်ကို စစ်တွေ ရဲစခန်းမှာ ချုပ်ထားတယ်လို့ အစိုးရက ထုတ်ပြန်ပေမယ့်၊ ဒေါက်တာအေးမောင်ကို ဖမ်းပြီးပြီလား ဆိုတာကိုတော့ ကြေညာချက်ထဲ မတွေ့ရပါဘူး။

ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို နိုင်ငံတော် သစ္စဖောက် ပုန်ကန်မှု၊ အကြည်ညို ပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ပါ တရားစွဲဖို့ ရခိုင်ပြည်နယ် အစိုးရ အစည်းအဝေးက ဆုံးဖြတ် ထားတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ