ဒီမို ကူးပြောင်းမှုကို ထိခိုက်နိုင်လို့ HRW ပြော

  • 18 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် HRW
Image caption Human Rights Watch လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ကြီးထုတ်ပြန်ခဲ့တဲ့ ၂၀၁၈ အစီရင်ခံစာ

Human Rights Watch လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ကြီးရဲ့ ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ World Report 2018 အစီရင်ခံစာမှာ နိုင်ငံပေါင်း ၉၀ ကျော်က လူ့အခွင့်အရေး အခြေအနေတွေ နဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ထားပြီး အဲဒီထဲမှာ မြန်မာ၊ ယီမင်၊ ဆီးရီးယားနဲ့ တောင်ဆူဒန်တို့လို နိုင်ငံတွေဟာ ရက်စက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုကို ထိခိုက်စေနိုင်တဲ့လက္ခဏာ တွေ ဆိုပြီး မြန်မာ့ လူ့အခွင့်အရေးအခြေအနေကို သုံးသပ်ဖေါ်ပြခဲ့ပါတယ်။

အထူးသဖြင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးစု ရှင်းလင်းရေးတွေ လုပ်နေပြီး သတင်းမီဒီယာတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေအပေါ် ဖိနှိပ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို အလွန်အမင်း ထိခိုက်စေခဲ့တယ်လို့လည်း Human Rights Watch ရဲ့ အစီရင် ခံစာမှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေ မဖြစ်ခင်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ လူအခွင့်အရေးချိုးဖေါက်တဲ့ ဥပဒေတွေကို မပြင်ဆင်နိုင်ခဲ့ဘူး၊ သတင်းသမားတွေ အဖမ်းခံရပြီး လွတ်လပ်စွာပြောဆိုခွင့် ပိတ်ပင်ခံရတာနဲ့ သြဂုတ်လနဲ့ နောက် ၂ လလောက်အတွင်း စစ်တပ်က ရိုဟင်ဂျာတွေအပေါ် မျိုးတုံးသတ်ဖြတ်တဲ့ ကျူးလွန်မှုတွေကြောင့် မြန်မာနိုင်ငံမှာ အစိုးရ နှစ်ခု ဖြစ်နေသလားဆိုပြီး နိုင်ငံတကာက ဝေဖန်ခဲ့ကြတယ်လို့ Human Rights Watch ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှုး Phil Robertson က ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒုက္ခသည် လွှဲပြောင်းရေး လာမယ့် သီတင်းပတ် စကြဖို့ ၂ နိုင်ငံ သဘောတူ

နောက်ပြီးတိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်တဲ့ တိုက်ပွဲတွေ နဲ့ မြေယာသိမ်းဆည်းခံရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု အမျိုးမျိုး တခုပြီးတခု ဖြစ်နေတာကို အစိုးရက ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။

သူတို့ရရှိတဲ့ အထောက်အထားတွေအရ လူမျိုးတုံးသတ်ဖြတ်မှုလို့ စွပ်စွဲတာဖြစ်ပေမယ့် မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ အထောက်အထားမရှိဘဲ ငြင်းနေတာလို့ ဆိုပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံတကာပုံရိပ်ပြန်ကောင်းလာဖို့ဆိုရင် ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီရဲ့ အချက်အလက်စုံစမ်းရေး ကော်မရှင်ကို လက်ခံသင့်သလို့ ကုလသမဂ္ဂအတွင်းမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စလှယ် မစ်စ်ရန်ဟီးလီးကိုလည်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို လေ့လာစုံစမ်းခွင့်ပြုဖို့ လိုတယ်လို့ Phil Robertson က ပြောပါတယ်။

ဒီလို လူ့အခွင့်အရေးချိုးဖေါက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ထိခိုက်စေနိုင်ပေမယ့် ဒီမိုကရေစီအပြောင်းအလဲတွေ ပြိုကွဲသွားစေမယ်လို့ ယူဆတဲ့ သဘောမဟုတ်ဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ