တရားခံမပေါ်သေးတဲ့ ကချင်ဆရာမလေးများအမှု

  • 20 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် U KUM AWNG FB
Image caption ကချင်ဆရာမလေး နှစ်ယောက်သတ်ဖြတ်ခံရမှု နှစ်ပတ်လည် ဆုတောင်းပွဲ19 ဇန်နဝါရီ 2016

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း ကြူကုတ်မြို့ ကောင်းခါးရွာက ခရစ်ယာန် ဘာသာရေး ကျောင်းဝင်းထဲမှာ အသတ်ခံခဲ့ရတဲ့ ကချင်လူမျိုး ဆရာမလေးနှစ်ယောက် အမှုဟာ ဇန်နဝါရီ ၁၉ ရက်မှာ သုံးနှစ် ပြည့်ခဲ့ပြီ ဖြစ်ပေမယ့် အခုချိန်အထိ တရားခံ မပေါ်ပေါက်သေးပါဘူး။

ဒီကချင်ဆရာမလေးတွေဟာ ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၁၉ရက်နေ့မှာ အဓမ္မပြုကျင့် အသတ်ခံခဲ့ရပြီး သူတို့ရုပ်အလောင်းတွေကို သူတို့တည်းခိုနေထိုင်ရာ နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းက စာပေသာသနာပြုအနေနဲ့ အစိုးရဌာနက လက်လှမ်းမမှီတဲ့ ဒေသတွေကို ဘာသာရေး စာပေသင်ကြားရေး အတွက် စေလွှတ်ခဲ့တဲ့ အစီအစဉ်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အသတ်ခံရတာနဲ့ ပတ်သတ်လို့ စဖြစ်ခါစမှာ ကေဘီစီနဲ့ ရှမ်းပြည်နယ်ထဲက ကချင်ရှေ့နေများ ကွန်ယက် အဖွဲ့ဝင်တွေ ဦးဆောင်တဲ့ အမှုမှန်ဖော်ထုတ်ရေး အဖွဲ့ကနေ စုံစမ်းမှုတွေ အပြင် ရဲတပ်ဖွဲ့ဘက် ကလည်း စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

အသတ်ခံရချိန်ဟာ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်က လက်အောက်ခံ တပ်ရင်း ခမရ (၅ဝ၃) က စခန်းလာချချိန်နဲ့လည်း တိုက်ဆိုင်နေတယ်ဆို ပြောဆိုမှုတွေရှိတာကြောင့် DNA စစ်ဆေးမှုတွေကို တပ်တွင်းမှာ လုပ်ဆောင် ခဲ့တယ်လို့ ကေဘီစီဘက်က ဆိုပါတယ်။

ဒါပေမယ့် အခုသုံးနှစ်မြောက်တဲ့အထိ ဘာမှ ထူးခြားမှုတွေရှိမလာခဲ့ဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်း ကေဘီစီက အတွင်းရေးမှူး ဒေါက်တာ ဆမ်ဆွန်ခရမ်က ဘီဘီစီကိုပြောပါတယ်။

ကချင် ဆရာမလေးတွေ သတ်ဖြတ်မှု တရားခံ မမိသေး

အသတ်ခံရတဲ့ ကချင်ဆရာမ နှစ်ဦး ကိစ္စ စုံစမ်းစစ်ဆေး

သေဆုံးသူ ကချင်လူမျိုးဆရာမ ခေါန်နန်စင်နဲ့ လုရာတို့ မိသားစုဝင်တွေကတော့ အခုချိန်ထိ အမှုမှန် မပေါ်သေးတာကြောင့် စိတ်မကောင်းဖြစ်ပေမယ့် ဘာမှ မတတ်နိုင်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

သေဆုံးခဲ့တဲ့ ဆရာမလုရာရဲ့ အမဖြစ်သူ မဆန်လုံက သူ့ညီမလေးဟာ မကောင်းတဲ့ အလုပ်လုပ်တာ မဟုတ်တဲ့အတွက် တရားမျှတမှုတော့ လိုချင်တယ်လို့ ဘီဘီစီကိုပြောခဲ့ပါတယ်။

အခုချိန်အထိ ဒီလို အမှုမှန် မပေါ်သေးတာနဲ့ ပတ်သတ်လို့ ဥပဒေစိုးမိုးရေး အတွက် မေးခွန်းထုတ်စရာ ဖြစ်နေသလို ကျေးရွာမှာရှိတဲ့ အမျိုးသမီးတွေသာမက အမျိုးသမီးထုတခုလုံးအတွက် လုံခြုံမှု မရှိတဲ့ အနေအထား တရပ် ဖြစ်တယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောဆိုခဲ့ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ