မြောက်ဦးဖြစ်စဉ်ကို ရဲတပ်ဖွဲ့က ပြန်လည်စစ်ဆေး

  • 20 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် U Khine Moe
Image caption မြောက်ဦးပဋိပက္ခဖြစ်ပွားရာ ခရိုင် အုပ်ချုပ်ရေးမှူးရုံး

ဆန္ဒပြသူ ၇ ယောက်သေဆုံးတဲ့အထိ ပြင်းထန်ခဲ့တဲ့ မြောက်ဦးဆန္ဒပြပွဲ အရေးယူနှိမ်နင်းမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲအဖွဲ့ရဲ့ ကိုင်တွယ်ဖြေရှင်းခဲ့ပုံတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အစီအစဉ်နဲ့ ပြန်လည် စစ်ဆေးမှုတွေလုပ်နေတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ဘီဘီစီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကိုရော၊ အရပ်သားသက်သေတွေရော အပါအဝင် အခင်းဖြစ်စဉ်မှာ မြင်တွေ့ခဲ့တဲ့သူတွေ အားလုံးကို စစ်ဆေးမယ်လို့ဆိုပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့မှာလည်း နိုင်ငံတော် အစိုးရက ဖွဲ့စည်းပေးထားတဲ့ စစ်ဆေးရေး အဖွဲ့တဖွဲ့ဟာ နေပြည်တော်ကနေ မြောက်ဦးကိုလာရောက် စစ်ဆေးမယ်လို့ဆိုပါတယ်။

ရခိုင်နိုင်ငံရေးပါတီတွေနဲ့ ရခိုင်လူမှုရေး အဖွဲ့အစည်းတွေကတော့ အမှီခိုကင်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးဖို့ တောင်းဆိုကြပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ရခိုင်အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့ ဟောပြောပွဲပြုလုပ်ခွင့် ပိတ်ပင်မှုကို ဆန္ဒပြကြရာကနေ ရဲနဲ့ဆန္ဒပြသူတွေ ပဋိပက္ခ ဖြစ်ပွားပြီး လူ ၇ ယောက်သေဆုံးပြီး အနည်းဆုံး ၁၂ ယောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ရဲအဖွဲ့က ပြောဆိုရာမှာ ဆန္ဒပြသူတွေဟာ အဆောက်အဦးဖျက်ဆီးမှု၊ မော်တော်ကားဖျက်ဆီးမှု၊ ရဲဆီက လက်နက်လုယူမှုတွေ လုပ်လို့ ရဲလုပ်ထုံးလုပ်နည်းနဲ့ အညီ အဆင့်ဆင့် သတိပေးခဲ့ပေမယ့် မရတဲ့ အဆုံးမှ လူထုထဲကို တိုက်ရိုက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဆန္ဒပြသူတွေကတော့ ငြိမ်းချမ်းစွာဆန္ဒပြတာကို သတိပေးပြောဆိုမှုမရှိဘဲ လူအုပ်ထဲကို ကျည်ဆံအစစ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။