မူလအစီအစဉ်အတိုင်း ဒုက္ခသည်တွေ လက်ခံသွားမယ်လို့ အစိုးရ ပြော

  • 22 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption ဒုက္ခသည်တွေကို လက်ခံဖို့ မောင်တောမြို့နယ်ထဲမှာ ဇန်နဝါရီလ လလယ်က ပြင်ဆင်နေပုံ

ဇန်နဝါရီ ၂၃ ရက်ကစလို့ မြန်မာပြည်ဘက်ကို ဒုက္ခသည်တွေ ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ သဘောတူထားပေမယ့် အဲဒီရက်မှာ စတင်နိုင်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အရာရှိတချို့က ထုတ်ဖော်ပြောဆိုတာ ရှိပေမယ့် မြန်မာအစိုးရကိုတော့ တရားဝင် အကြောင်းကြားတာ မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနကိုရော၊ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ မြန်မာသံရုံးကိုပါ ဆက်သွယ်အကြောင်းကြားတာမျိုး မရှိဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါပေမယ့် ကော့ဆက်ဘဇား အာဏာပိုင်တွေက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHRC နဲ့ အစည်းအဝေးလုပ်ပြီးနောက် ဒုက္ခသည်တွေ ပြန်ပို့ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာကို မီဒီယာတွေပြောတယ်ဆိုတာကို မြန်မာသံရုံးက တဆင့် သိရကြောင်းလည်း သူက ပြောပါတယ်။

အင်္ဂါနေ့မှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်မပို့နိုင်သေးလို့ ဆို

ဒါပေမယ့် အစိုးရချင်း တရားဝင် ပြောဆိုတာ မရှိတဲ့အတွက် ဒုက္ခသည်လက်ခံရေးအတွက် မူလအစီအစဉ်အတိုင်း လက်ခံဆောင်ရွက်သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်လက်ခံရေးအတွက် နေရာထိုင်ခင်း၊ လုံခြုံရေး၊ အုပ်ချုပ်ထောက်ပံ့ရေး စတဲ့အစီအစဉ် အားလုံး အဆင်သင့်ပြင်ထားပြီးပြီလို့လည်း သူက ပြောပါတယ်။

ပထမအသုတ်အနေနဲ့ မွတ်ဆလင် ၅၀၀ ကျော်နဲ့ ဟိန္ဒူ ၅၀၀ ကျော် လက်ခံသွားဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါပေမယ့် သူတို့ကို လက်ခံဖို့ မြန်မာဘက်က ပေးထားတဲ့ ပုံစံတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ဖြည့်သွင်းပြီး ပြန်ပို့တာ မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

ဒုက္ခသည်တွေကို မြန်မာဘက်မှာရှိတဲ့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရ လက်ခံရေးစခန်း ၂ ခုကနေ ပြန်လက်ခံမယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။ အဲဒီမှာ လက်ခံပြီးနောက် လှဖိုးခေါင် ကြားစခန်းမှာ ထားမှာ ဖြစ်ပြီး အဲဒီကတဆင့် မူလနေရပ်တွေဆီ ပြန်ပို့ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ