ပဲစင်းငုံ ဈေးကျလွန်းလို့ တောင်သူတွေ စိုက်ခင်းမရိတ်သိမ်းတော့

  • 24 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Nang Bwar Pay Facebook
Image caption ပဲစဉ်းငုံစိုက်ခင်း တခင်းအားတွေ့ရစဉ်

မြန်မာပြည်အလယ်ပိုင်းမှာ အဓိကထွက်တဲ့ ပဲစဉ်းငုံကို နိုင်ငံခြားကမဝယ်တော့တဲ့အတွက် ဈေးကျသလို ဒီဇင်ဘာလကမိုးကြောင့်ပဲတွေပျက်စီးခဲ့လို့ တောင်သူတွေမှာ ရိတ်သိမ်းခစရိတ်နဲ့ရမယ့်ဈေးနုန်းမကိုက်တဲ့အတွက် မရိတ်သိမ်းတော့ပဲ ဆိတ်အစာကျွေးသူတွေကို အခမဲ့နီးပါးဈေးနဲ့ရောင်းချနေရတာတွေပါရှိလာနေပါတယ်။

မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းက ပဲစဉ်းငုံစိုက်ခင်းတချို့ဟာ ဒီဇင်ဘာလက ရက်ရှည်ရွာလိုက်တဲ့မိုးကြောင့် အသီးတွေပျက်စီးခဲ့သလို အထွက်လည်းလျော့ပြီး အရည်အသွေးမမှီတာတွေ ဖြစ်ခဲ့ပါတယ်။ ခုဆိုရင် မိုးမိလို့ အရည်အသွေးမမှီတဲ့ပဲစဉ်းငုံဟာ ၁ တင်းကို ကျပ် ၉ထောင်လောက်ပဲရှိပြီး အရည်အသွေးကောင်းမှ တသောင်း၂ထောင်လောက်ပဲရတဲ့ အနေအထားမျိုးဖြစ်နေတာပါ။ တောင်သူတွေရဲ့ စိုက်စရိတ်ဟာ ပဲစဉ်းငုံတတင်းရဖို့ တသောင်း၂ထောင်နဲ့သောင်းလေးထောင်လောက်ထိအရင်းရှိတာမို့ လတ်တလောအခြေအနေမှာ အရှုံးနဲ့ရင်ဆိုင်နေရပါတယ်။ ခုလိုပြောပြပါတယ်။

တောင်သူတချို့အနေနဲ့ ရတဲ့ဈေးနဲ့ လက်ထဲက ပဲစဉ်းငုံကို အကုန်ထုတ်ရောင်းတာလည်း ရှိသလို တချို့ကလည်း လုပ်သားစားရိတ်နဲ့ ပြန်ရမဲ့ငွေ မကိုက်တော့ စိုက်ခင်းတွေကို မရိတ်တော့တာတွေ ရှိနေတယ်လို့ ပခုက္ကူတဝိုက်က ပဲစဉ်းငုံတောင်သူတွေရဲ့အခြေအနေကို အခြေခံပြီး ပခုက္ကူကုန်သည်ပွဲစားများအသင်းဥက္ကဌ ဦးတင့်ဝေက ဘီဘီစီကို ပြောပါတယ်။

တောင်သူတော်တော်များများက ပဲစင်းငုံပြန်ရောင်းဖို့ အာရုံမရှိတော့ဘူးလို့လည်း ဦးတင့်ဝေက ပြောပါတယ်။

ကုန်သည်တွေအနေနဲ့ကတော့ ပဲဈေးနှုန်းထက် ပဲတွေပြည်တွင်းမှာအိုင်မနေစေပဲ ဈေးကွက်တခုနဲ့နိုင်ငံခြားကိုပုံမှန်ထွက်နေတာကိုပဲ လိုလားတယ်လို့ ဦးတင့်ဝေကဆိုပါတယ်။

ပဲအသင်းကနေ ပဲစဉ်းငုံ တစ်တန်ကို ကျပ်လေးသိန်းဈေးနဲ့ ဝယ်မယ်လို့ ပြောထားပေမဲ့ ငွေအဆင်မပြေသလား ၊ ချေးငွေမရသေးလို့ မဝယ်နိုင်သလားဆိုတာ သူ့အနေနဲ့ မသိသေးဘူးလို့ စီးပွားကူးသန်းဝန်ကြီးဌာနက စားသုံးသူရေးရာဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ဘီဘီစီကို ပြောပါတယ်။ ပဲစဉ်းငုံကို ပဲအသင်းက ဝယ်မယ်ဆိုရင် အစိုးရဘက်က ဂိုဒေါင်တွေကို အဆင်သင့် ကူညီပေးမှာဖြစ်သလို ပဲစဉ်းငုံအဓိက ဝယ်တဲ့ အိန္ဒိယနဲ့လည်း ပုံမှန်ပြန်ဝယ်ဖို့ အစိုးရချင်း ဆွေးနွေးနေတာရှိတယ်လို့ ဦးတင့်ဝေက ပြောပါတယ်။

ပဲစဉ်းငုံအသစ်တွေမပေါ်ခင်က အရင်နှစ်ကပဲစဉ်းငုံအဟောင်းတွေကို နိုင်ငံခြားကမဝယ်ရင် ပြည်တွင်းမှာ စားသုံးတတ်စေဖို့ စီးပွားကူးသန်ဝန်ကြီးဌာနကကြီးမှူးပြီး ပဲစားပွဲတော်တွေနေရာအတော်များများမှာ လုပ်ခဲ့ပေမယ့် ပဲစဉ်းငုံစားသုံးမှုက သိသိသာသာတက်မလာခဲ့ပါဘူး အရင်နှစ်က ပဲစဉ်းငုံအသစ်ပေါ်ကာစက တတင်းကို ၂သောင်း ၃ထောင်လောက်ဖြစ်ခဲ့ပေမယ့် လက်ရှိဈေးကွက်မှာ ပဲစဉ်းငုံအဟောင်းက တတင်းကို ၁သောင်း၁ထောင်ကျော်သာရှိတဲ့အတွက် ဝယ်ယူသိမ်းဆည်းသူတွေအနေနဲ့ ၅၀ ရာခိုင်နုန်းလောက် အရှုံးပေါ်ခဲ့ပါတယ်။ ဒီလိုသာ ပဲစဉ်းငုံကို နိုင်ငံခြားကမဝယ်တော့ဘူးဆိုရင် ပဲစဉ်းငုံအသစ်ရော အဟောင်းပါ ပြည်တွင်းမှာပုံနေမှာဖြစ်တဲ့အတွက် တောင်သူရော ကုန်သည်ပါ အရှုံးတွေနဲ့ ထပ်ပြီးရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ