မြန်မာအစိုးရ ကိုင်တွယ်ပုံကို ဝေဖန်ပြီး အမေရိကန်ပညာရှင် နုတ်ထွက်

  • 24 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ Bill Richardson နဲ့ ရိုက်တာစ် သတင်းဌာန တွေ့ဆုံ မေးမြန်းနေစဉ်

ရခိုင်ပြည်နယ်အရေး ကိုင်တွယ်ဖြေရှင်းရာမှာ အစိုးရကို အကြံဉာဏ်တွေ ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့ပေးထားတဲ့ နိုင်ငံတကာ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ထဲကနေ အမေရိကန် ဝါရင့် နိုင်ငံရေးသမား ဖြစ်တဲ့ ဘီလ် ရစ်ချတ်ဆန် နုတ်ထွက် သွားပါတယ်။

အဲဒီ အကြံဉာဏ်ပေးအဖွဲ့မှာ ဆက်လက်ပါဝင်ဖို့ လိပ်ပြာမသန့်တော့ဘူး ဆိုတဲ့ အကြောင်း ပြချက်နဲ့ မစ္စတာ ရစ်ချက်ဆန် နုတ်ထွက် သွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးမိတ်ဖက် ဖြစ်ခဲ့တဲ့ မစ္စတာ ရစ်ချတ်ဆန်ဟာ အခုအခါမှာတော့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပါ အပြင်းအထန် ဝေဖန်ပြီး အကြံပေး အဖွဲ့မှာ ဆက်ပါဖို့ မဖြစ်နိုင်တော့ကြောင်း ကြေညာလာတာ ဖြစ်ပါတယ်။

Image caption မစ္စတာ ရစ်ချတ်ဆန် မပါဝင်တဲ့ အကြံပေးအဖွဲ့ ရခိုင် မြောက်ပိုင်းကို ရောက်နေ

ရခိုင်ပြည်နယ် ပဋိပက္ခတွေ အကြောင်း သတင်းလိုက်ရင်း မြန်မာအစိုးရရဲ့ ဖမ်းဆီးတာ ခံလိုက်ရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက် လွတ်မြောက်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကူအညီ ပေးပါ ဆိုပြီး သူက တောင်းဆိုတဲ့ အခါ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒေါသတကြီး သူ့ကို တုန့်ပြန် ခဲ့တယ်လို့ မစ္စတာ ရစ်ချက်ဆန်ရဲ့ စွပ်စွဲ ပြောဆို လာပါတယ်။

သူ့ကိုပါ ထည့်သွင်း ထားတဲ့ အကြံပေး အဖွဲ့ဟာ မြန်မာ အစိုးရ မူဝါဒ တွေကို ဝါဒဖြန့်ပေးဖို့ သက်သက်ပဲ ဆိုပြီး မစ္စတာ ရစ်ချက်ဆန်က ပြောဆိုရင်းမှာပဲ၊ အဖွဲ့ဝင် ၁ဝ ဦးပါတဲ့ အဲဒီ အကြံပေး အဖွဲ့ လက်ရှိ ရခိုင်မြောက်ပိုင်းကို သွားရောက် နေကြတဲ့ ခရီးစဉ်ထဲမှာလည်း လိုက်ပါ မသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မစ္စတာ ရစ်ချက်ဆန် အပါအဝင် အကြံပေး အဖွဲ့ဆိုတာ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို မြန်မာ အစိုးရက အကောင်အထည် ဖော်တဲ့ အခါ လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးဖို့ ရည်ရွယ်ချက်နဲ့ တစ်နှစ်သက်တမ်း ခန့်အပ် ထားတာ ဖြစ်ပါတယ်။

Image caption လှဖိုးခေါင်ကြားစခန်းမှာ အိမ်ရာတွေ ဆောက်လုပ်နေဆဲ

အဲဒီ အဖွဲ့ကို ဦးဆောင်သူကတော့ ထိုင်း ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဆူရာကီရတ် ဆာသီယန် ထိုင်း ဖြစ်ပါ။ မစ္စတာ ဆာသီယန် ထိုင်းကတော့ ရခိုင်ပြည်နယ် အရေးမှာ မြန်မာ အစိုးရနဲ့ နိုင်ငံတကာ အကြား ကွဲပြားနေတဲ့ အမြင်တွေ အားလုံးကို လေ့လာသွားမှာ ဖြစ်ပြီး မြန်မာ အစိုးရကို ကိုယ်စားပြုဖို့ သက်သက် မဟုတ်ဘူးလို့ ပြောဆို ထားပါတယ်။

အခုတော့ မစ္စတာ ရစ်ချတ်ဆန် မပါဝင်တဲ့ အကြံပေးအဖွဲ့ ရခိုင် မြောက်ပိုင်းကို ရောက်နေပြီး ဘင်္ဂလားဒေ့ရှ်ကနေ ပြန်ဝင်လာမယ့် ဒုက္ခသည်တွေကို လက်ခံမယ့် တောင်ပြိုလက်ဝဲ စခန်းကို လေ့လာတာမျိုး တွေပြုလုပ် ခဲ့ပါတယ်။

ဒုက္ခသည် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် စဖို့ သဘောတူထားတဲ့ ရက် နှစ်ရက် ကျော်လာခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်နေ ဒုက္ခသည်တွေ တစ်ယောက်မှ ပြန်ဝင် မလာသေးပဲ ဖြစ်နေပါတယ်။

နိုင်ငံတကာက အလေးထား စိတ်ဝင်စားနေတဲ့ ဒုက္ခသည် လက်ခံရေး ကိစ္စ အခုလို အထမြောက် မလာသေးတဲ့ အချိန်၊ တခါ UNHCR လို ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ အဖွဲ့ကလည်း ရိုဟင်ဂျာတွေ စိတ်ချလက်ချ ပြန်လာနိုင်ဖို့ လိုအပ်တာတွေ မြန်မာဘက်မှာ ကင်းမဲ့နေဆဲ ဖြစ်တယ်လို့ ဝေဖန် နေချိန်မှာ မြန်မာအစိုးရ ကိုယ်တိုင် ခန့်ထားတဲ့ နိုင်ငံတကာ အကြံပေး တယောက် နုတ်ထွက်တာမျိုး ကြုံလာရတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာတွေ ပြန်ခေါ်ရေး သဘောတူ

မစ္စတာ ရစ်ချက်ဆန်ရဲ့ နိုင်ငံရေး နောက်ကြောင်းကို ကြည့်ရင်တော့ သူဟာ နယူးမက္ကဆီကို ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်သလို၊ သမ္မတ ဘီလ်ကလင်တန် လက်ထက် စွမ်းအင်ဝန်ကြီး၊ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ် စတဲ့ ထိပ်တန်း ရာထူးတွေ ရရှိခဲ့သူ ဖြစ်တဲ့ အတွက် အမေရိကန်ရဲ့ Hispanic လို့ ခေါ်တဲ့ စပိန်စကားပြော နွယ်ဖွားတွေထဲ အအောင်မြင်ဆုံး၊ အထင်ရှားဆုံး ဝါရင့် နိုင်ငံရေးသမား တစ်ဦး ဖြစ်ကြောင်း တွေ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ