အောင်ဝင်းခိုင်ကိုမမိရင် ကြိုးကိုင်သူကို ဖော်ဖို့မလွယ်

  • 26 ဇန်နဝါရီ 2018
Image caption ဦးကိုနီကို လေဆိပ်မှာ သေနတ်နဲ့ ပစ်သူ (ဦး) ကြည်လင်း

သေနတ်သမား ကြည်လင်း အပါအဝင် ရှေ့နေ ဦးကိုနီကို သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၄ ယောက်ကို ဇန်နဝါရီလ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ၄၁ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ဆေးခဲ့ရာမှာ စီအိုင်ဒီက အမှုစစ် ရဲအရာရှိ ရဲမှူးတင်မောင်ဆွေကို စစ်ဆေးခဲ့ပါတယ်။

အဲသလို စစ်ဆေးခဲ့ရာမှာ တရားခံ ကြည်လင်းရဲ့ ရှေ့နေက ကြည်လင်းဟာ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်တို့ ပါဝင်တဲ့ အဖွဲ့အစည်းရဲ့ခိုင်းစေမှုကို ခံခဲ့ရပြီး သူတို့ခိုင်းတဲ့အတိုင်းမလုပ်ရင် သူမိသားစုအတွက် အန္တရာယ်ရှိနိုင်လို့ ဦးကိုနီကို သတ်ခဲ့ကြောင်း ပေါ်လွင်အောင် ကြိုးစားစစ်မေးခဲ့တယ်လို့ ဦးကိုနီမိသားစုရဲ့ ရှေ့နေ ဦးနေလက ဘီဘီစီကို ရှင်းပြပါတယ်။

ကြည်လင်းဟာ အပြစ်ရှိပေမယ့် မိသားစုအန္တရာယ်ကျမှာစိုးလို့ သတ်ခဲ့ရတာဖြစ်သလို၊ သူ့ကို လိုက်လံဖမ်းဆီးသူတွေ အများအပြားကို သတ်ခွင့်ရှိပေမယ့် မသတ်ဖြတ်ခဲ့တာကို ထောက်ထားပြီး သက်သာခွင့်ပေးဖို့ သူ့ရှေ့နေက ခုခံရေးလမ်းကြောင်း ပြင်ဆင်ထားပုံရတယ်လို့ ဆိုပါတယ်။

အောင်ဝင်းဇော်နဲ့အောင်ဝင်းထွန်းတို့ကတော့ သက်သာခွင့်လျှောက်ထားမှုနဲ့ အပြစ်မရှိကြောင်း လျှောက်လှဲမှုတို့ကို ပူးပေါင်း ဆောင်ရွက်တယ်လို့ ဆိုပါတယ်။ အောင်ဝင်းထွန်းကတော့ ဦးကိုနီ အသတ်ဖြတ်ခံရကြောင်းကို လုံးဝမသိဘဲ သူ့ညီက အကူအညီတောင်းလို့ ကားမောင်းပြီးလိုက်ပို့ခဲ့ရတာသာ ဖြစ်တဲ့အတွက် အပြစ်မရှိကြောင်း ခုခံလျှောက်ထားခဲ့တယ်လို့ သူ့ရှေ့နေ ဦးအောင်ခိုင်က ဆိုပါတယ်။

ဦးကိုနီအမှုမှာ ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့သူ၊ နောက်ကွယ်က ကြိုးကိုင်ခဲ့သူ၊ ထောက်ပံ့ကူညီခဲ့သူ အားလုံးကို တရားရုံးက အပြစ်ပေးဖော်ထုတ်နိုင်ပါ့မလားလို့ မေးရာမှာတော့ တရားရုံးဟာ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲအဖွဲ့က တင်ပြတဲ့ အပေါ်မှာသာ စစ်ဆေးအရေးယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ကွယ်က အမှန်တကယ် ခိုင်းစေသူကိုတော့ တရားခံပြေး အောင်ဝင်းခိုင်ကို ဖမ်းမိမှာသာ ဖော်ထုတ်နိုင်မယ်လို့ဆိုပါတယ်။ အောင်ဝင်းခိုင်ဟာ မြန်မာပြည်ထဲမှာသာရှိနေတယ်လို့ အမှု စစ်ဆေးချက်တွေအရ ပေါ်လွင်တဲ့ အတွက် ရဲအဖွဲ့က မဖမ်းဆီးနိုင်တာဟာ အဓိပ္ပာယ်မရှိဘူးလို့လည်း ဦးနေလက ဝေဖန်ပြောဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ