မောင်တောမှာ သိန်းသောင်းချီတန် မူးယစ်ဆေးတွေမိ
မောင်တောမြို့နယ် မောင်နီအလယ်ရွာမှာ ခန့်မှန်းချေ ကျပ်သိန်းပေါင်း ၂၅၀ဝ၀ တန်ဖိုးရှိတဲ့ ယာဘဆေးပြား ၁၃ သိန်းနီးပါးကို တရားခံ ၂ ဦးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ မောင်တောခရိုင်ရဲမှူးကြီး ဦးထွန်းမြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။
ဒီဆေးပြားတွေကို ရွာထဲကို မောင်းဝင်လာတဲ့ မြေသယ်ထော်လာဂျီပေါ်ကို လိုက်လံ ထောက်လှမ်းရာကနေ တဆင့် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ထော်လာဂျီက အိမ်တအိမ် အရောက်မှာ တိရစ္ဆာန် အညစ်အကြေးတွေနဲ့ ဖုံးထားတဲ့ ယာဘဆေးပြားအိတ်တွေကို တွေ့ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးချိန်မှာ အမျိုးသား ၂ ဦးက ပြန်လည် ရန်ပြုဖို့ ကြိုးစားခဲ့ပေမယ့် လက်နက်ကိုင် ရဲတွေ ပါတဲ့အတွက် ထွက်ပြေးလွတ်မြောက်သွားကြပြီး ကျန် အမျိုးသားနဲ့ အမျိုးသမီးတဦးကို ဖမ်းမိခဲ့သလို ဆက်စပ်နိုင်တဲ့ အမှု ကွင်းဆက်တွေကိုလည်း ဆက်လက် စုံစမ်း ဖော်ထုတ်နေတယ်လို့ သိရပါတယ်။
- မောင်တောမှာ ယာဘသန်းချီ ဖမ်းမိပြန်
- ထိုင်းမြန်မာနယ်စပ်မှာ ယာဘ ၇ သိန်းကျော် ဖမ်းဆီးရမိ
- မြန်မာ မူးယစ်ဆေး တိုက်ဖျက်မှု တိုးတက်
ဒီဆေးပြားတွေဟာ ရခိုင်ပြည်နယ်ထဲမှာ ထုတ်လုပ်တာ မဟုတ်ပဲ တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်တွေကတဆင့် ရခိုင်ပြည်နယ်ကို ဝင်ရောက်လာတာ ဖြစ်ပြီး မှောင်ခိုဂိုဏ်းတွေက အုပ်စုဖွဲ့ ဆောင်ရွက်နေကြတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရကြောင်း သုံးသပ်သူတွေလည်း ရှိနေပါတယ်။
မောင်တောဒေသဟာ ဘင်္ဂလားဒေ့ရှ်ကို မူးယစ်ဆေးဝါးတွေ သယ်ယူတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် ဒီဒေသမှာ မူးယစ်ဆေးဝါးတွေ အလုံးအရင်းနဲ့ မကြာခဏ ဖမ်းဆီးရမိမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လမှာ ဆိုရင် မောင်တောမြို့နယ်က ရွာတရွာမှာ ကျပ်သိန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိနိုင်တဲ့ စိတ်ကြွဆေးပြား ၂ သန်း နီးပါးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။