ဆန္ဒပြကျောင်းသား ၃၆ ယောက်အထိ ကျောင်းထုတ်ခံရ

  • 27 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် YDNUNI
Image caption ဆန္ဒပြကျောင်းသား ၃၆ ယောက်အထိ ကျောင်းထုတ်ခံရ

ပညာရေး စရိတ်တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေက ကျောင်းထုတ်နေရာမှာ ဇန်နဝါရီလ ၂၇ ရက် ညပိုင်းအထိ ၃၆ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဒီထဲမှာ မန္တလေး ရတနာပုံ တက္ကသိုလ်က ၁၄ ယောက်၊ ရမည်းသင်း နည်းပညာ တက္ကသိုလ်က ၁၁ ယောက်၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်က ၆ ယောက် ၊ မိတ္ထီလာ နည်းပညာ တက္ကသိုလ်က ၁ ယောက် နဲ့ မိုးညှင်း ဒီဂရီ ကောလိပ်က ၄ ယောက်တို့ ပါဝင်တယ်လို့ ရတနာပုံတက္ကသိုလ်က ကျောင်းထုတ်ခံခဲ့ရတဲ့ တတိယနှစ် ဉပဒေ အထူးပြု ကျောင်းသား တစ်ဦးလည်း ဖြစ်၊ သပိတ်ကော်မတီဝင်တစ်ဦးလည်း ဖြစ်တဲ့ ကိုကျော်သီဟရဲကျော်က ဘီဘီစီ ကို ပြောပါတယ်။

အခုလို သက်ဆိုင်ရာ တက္ကသိုလ်တွေကနေ ရပ်နားခြင်း ခံခဲ့ရပေမယ့်လို့ အသနားခံတင်ပြီး ကျောင်းတက်ဖို့ ကြိုးစားသွားမှာ မဟုတ်ပဲ ပညာရေး ဘတ်ဂျက်တိုးဖို့ ကိစ္စရပ်ကိုပဲ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

အရင် အစိုးရတွေလိုပဲ အုပ်ချုပ်ရေးပိုင်းက ကျောင်းအာဏာပိုင်တွေအပေါ်မှာ သက်ရောက်မှု ရှိနေသေးတယ်လို့ ကိုကျော်သီဟရဲကျော်က ပြောပါတယ် ။

ဆန္ဒပြကျောင်းသားတွေ ကျောင်းတက်ခွင့် ပိတ်ပင်ခံရ

ဆန္ဒပြကျောင်းသားတွေကို ထိန်းသိမ်းပြီး မိဘတွေထံပြန်အပ်နှံ

သပိတ်မှောက်ကျောင်းသားတွေကို ကျောင်းထုတ်လိုက်တာဟာ သက်ဆိုင်ရာ တက္ကသိုလ်တွေက စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပြီး ပညာရေးဌာနက ဖိအားပေးခဲ့တာ မရှိဘူးလို့ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက တုံ့ပြန်ပါတယ်။

ဒါပေမယ်လို့ တစ်ချို့တက္ကသိုလ်တွေက ပါမောက္ခချုပ်တွေကတော့ အထက်အမိန့်ကြောင့် ထုတ်ရတာဖြစ်တယ်လို့ ကျောင်းသား တစ်ချို့ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက်မှာ အခုလို ကျောင်းသားတွေကို ကျောင်းထုတ်တဲ့အထိ အရေးယူတဲ့အပေါ်မှာ လူထုကြားမှာ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

စစ်တပ် အသုံးစရိတ်ကို လျော့ချပြီး ပညာရေး ဘတ်ဂျက် တိုးမြှင့်ပေးဖို့ မန္တလေး ရတနာပုံ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့က သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ ကျောင်းသား ၇၂ ယောက်ကို အစိုးရက အင်အားသုံး ခေါ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာ အုပ်ထိန်းသူတွေထံ ပြန်လည် အပ်နှံခဲ့ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေကနေ ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ