TNLA နဲ့ RCSS/SSA အဖွဲ့အကြား ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေး

  • 28 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Thai Freedom
Image caption TNLA နဲ့ RCSS/SSA အဖွဲ့အကြား ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်အတွင်းက တအာင်းပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) နဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း အာစီအက်စ်အက်စ် အက်စ်အက်စ်အေ (RCSS/SSA) အဖွဲ့အကြား တိုက်ပွဲပဋိပက္ခတွေ လျော့ချရေးအတွက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပဏာမအဆင့်အနေနဲ့ စတင်ခဲ့တဲ့ ဒီဆွေးနွေးမှုကနေ အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် နှစ်ဖက်အဆင့်မြင့် ခေါင်းဆောင်တွေအကြား ဆက်ဆွေးနွေးကြဖို့ သဘောတူခဲ့ကြတယ်လို့ တအာင်းပလောင်တပ်ဖွဲ့မှ မိုင်းအိုက်ကျော်က ပြောပါတယ်။

နှစ်ဘက်တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေမှုကို ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဘက်တာဝန်ရှိသူတွေဟာ တရုတ်မြန်မာနယ်စပ် တနေရာမှာ ဇန်နဝါရီ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ TNLA နဲ့ RCSS/SSA ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်းကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ဖြစ်ပါတယ်။

အရင်ကတည်းက နှစ်ဘက်တပ်ဖွဲ့အကြား ဆွေးနွေးဖို့စီစဉ်ခဲ့ပေမယ့် တရုတ်နယ်စပ်မှာ တွေ့ဆုံမလား ၊ ထိုင်းနိုင်ငံ ချင်းမိုင်မှာတွေ့ဆုံမလားဆိုပြီး နေရာညှိနှိုင်းမရခဲ့လို့ အချိန်ကြာမြင့် ခဲ့ရတာဖြစ်တယ်လို့ TNLA က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို တရုတ်နယ်စပ်မှာ လက်ခံကျင်းပခဲ့ပေမယ့် တရုတ်အာဏာပိုင်တွေဘက်က ဒီလိုဆွေးနွေးဖို့ တွန်းအားပေးတာမျိုး မရှိဘူးလို့ TNLA က ဆိုပါတယ်။

TNLA (တအာင်း)နဲ့ RCSS/SSA (ရှမ်းတောင်) တပ်ဖွဲ့နှစ်ဖွဲ့စလုံးကို တိုက်ခိုက်နေသူဟာ အစိုးရ စစ်တပ်ဖြစ်တဲ့အတွက် ပြည်နယ်တခုထဲမှာနေတဲ့ တိုင်းရင်းသားအချင်းချင်း တိုက်ပွဲမဖြစ်လိုဘူးလို့ တအာင်းပလောင်တပ်ဖွဲ့မှ မိုင်းအိုက်ကျော်က ပြောပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မှာ အာစီအက်စ်အက်စ် (RCSS) က လက်မှတ် ရေးထိုးခဲ့ပြီးနောက်ပိုင်း ထိုင်းနယ်စပ်အခြေစိုက်တဲ့ အာစီအက်စ်အက်စ်နဲ့ တအာင်းပလောင်အကြား တိုက်ပွဲတွေဖြစ်ပွားလာတဲ့အပြင်၊ ရှမ်းပြည်မြောက်ပိုင်းမှာနေထိုင်တဲ့ ရှမ်းနဲ့ တအာင်းပလောင် လူမျိုးတွေအကြားမှာလည်း တင်းမာမှုအချို့ ရှိလာတယ်လို့ တိုင်းရင်းသားအရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ အာစီအက်စ်အက်စ် (RCSS) အဖွဲ့ဟာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖွဲ့ဖြစ်နေပြီး၊ RCSS က ဦးဆောင်လုပ်နေတဲ့ ဒေသအလိုက် လူထုတွေ့ဆုံပွဲတွေကို အစိုးရစစ်တပ်ဘက်က ဟန့်တားမှုတွေလည်း ရှိနေလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ