ရခိုင်လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်တွေ စစ်မယ်

  • 30 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် STR
Image caption ရခိုင်ပြည်နယ် မောင်တော မြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြီး နေအိမ်မီးရှို့မှုတွေ သတ်ဖြတ်မှုတွေ ရှိခဲ့

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်တဲ့အခါ လူ့အခွင့်အရေး ချိုးဖေါက် မှုတွေ ရှိတယ် ဆိုပြီး အစိုးရနဲ့ တပ်မတော်အပေါ် နိုင်ငံတကာ အဖွဲ့အစည်း တချို့က စွပ်စွဲထားတာတွေ ရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ Fact Finding Mission က လာရောက် စုံစမ်း စစ်ဆေးဖို့ တောင်းဆိုခဲ့တဲ့ အပေါ် မြန်မာအစိုးရက ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စွပ်စွဲချက်တွေကို စုံစမ်း စစ်ဆေးဖို့ အတွက် အဖွဲ့အစည်း တစ်ခု ဖွဲ့ဖို့ ရှိတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။

အဲဒီအဖွဲ့ ဖွဲ့တဲ့အခါ နိုင်ငံတကာ အဖွဲ့အစည်းက ပုဂ္ဂိုလ် တချို့ ပါဝင်လာမှာ ဖြစ်ပေမယ့် ဘယ်သူတွေ ပါမယ်၊ ဘယ်တော့ ဖွဲ့စည်းမယ် ဆိုတာကိုတော့ သူ့အနေနဲ့ တိတိကျကျ မပြောနိုင်ဘူးလို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ NLD အစိုးရအနေနဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ အဖွဲ့တခုကို ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးဖို့ တာဝန် ပေးခဲ့တာ ရှိပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင် တစ်ခုလည်း ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာ့ တပ်မတော်ကလည်း ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့သလို ထိုင်းဒုတိယ ဝန်ကြီးချုပ်ဟောင်း ဆူရာကီ ကီရတ် ဦးဆောင်တဲ့ အကြံပေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းခဲ့ပါတယ်။

Image caption အကြံပေး ကော်မရှင် အဖွဲ့ဝင် ဘေလ် ရစ်ချက်ဆန် လည်း နှုတ်ထွက်

ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေး အဖွဲ့ထဲက အမေရိကန် ဝါရင့် နိုင်ငံရေးသမား ဘေလ် ရစ်ချတ်ဆန် ကတော့ အဲဒီ အကြံပေးအဖွဲ့ဟာ မြန်မာ အစိုးရရဲ့ မူဝါဒတွေကို ဝါဒ ဖြန့်ပေးဖို့ သက်သက်ပဲလို့ စွပ်စွဲ ပြောဆိုပြီး အကြံပေးအဖွဲ့က နုတ်ထွက် သွားခဲ့ပါတယ်။

အကြံပေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေ၊ အကြံပြုချက်တွေနဲ့ ပတ်သက်လို့လည်း မြန်မာ အစိုးရက အကောင်အထည် ဖော်ဖို့ ဆောင်ရွက် နေတာတွေ ရှိပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါလာခဲ့ရင်တောင် အဲဒီလူတွေရဲ့ ပြောဆိုချက်တွေကို နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေက သံသယနဲ့ စောင့်ကြည့် နေကြဦးမှာ ဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသူ အချို့က သုံးသပ် ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ