ကချင်တိုက်ပွဲကြောင့် ပိတ်မိသူ ၂ ထောင်ကျော် ရှိနေဆဲ

  • 31 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Seng Mai
Image caption ဇူလိုင်လတုန်းက စစ်ဘေးကနေ တိမ်းရှောင်လာတဲ့ နမ္မတီးဒေသခံ အချို့ကို တွေ့ရစဉ်

တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်မှာ ဇန်နဝါရီလ ၃၀ ရက်မှာလည်း နေရာ ၂ နေရာထက် မနည်း တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် တနိုင်းဒေသဘက်မှာတော့ တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေ အရေအတွက် ၂၂၀ဝ လောက် ဆက်ရှိနေဆဲဖြစ်သလို စစ်ရေးလိုအပ်ချက်အရ မချမ်းဘောမြို့နယ်ဘက်က တံတားအချို့ကို ဖျက်ဆီးခဲ့ရတယ် လို့လည်း ကေအိုင်အို ဘက်က ပြောပါတယ်။

ဇန်နဝါရီလ ၃၀ ရက် မနက်ပိုင်းမှာတော့ တနိုင်းမြို့နယ်အပြင် ကချင်ပြည်နယ် မံစီမြို့နယ်ဘက်မှာလည်း ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ အစိုးရစစ်တပ်တို့အကြား တိုက်ပွဲတွေ ဆက်ခဲ့တယ်လို့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်နဲ့ ကချင်ပြည်နယ်စပ်ဘက် မန့်ဝိန်းကြီးဘက်မှာလည်း ဒီကနေ့ မနက်ပိုင်းကစလို့ ပစ်ခတ်သံတွေကြားနေရတယ်လို့ မန့်ဝိန်းကြီး ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တနိုင်းဒေသ ကေအိုင်အေ တပ်ရင်း ၁၄ နယ်မြေဘက်မှာတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်တာရှိခဲ့ပေမဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ တိုက်ပွဲတွေမှာတော့ လေကြောင်းသုံးတာ မတွေ့ရဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ကေအိုင်အေ စစ်သည်တွေ

တပ်မတော်ဘက်ကတော့ တနိုင်းမြို့နယ်အတွင်းက ကေအိုင်အေရဲ့ အကောက်ခွန်ဂိတ်တွေကို သိမ်းပိုက်ခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ထားသလို ဆွမ်ပရာဘွမ်သွားလမ်းပေါ်က တံတားနှစ်စင်းကလည်း ဖျက်ဆီးခံရတယ် လို့ သတင်းအချို့မှာ ဖော်ပြထားပါတယ်။

တံတားတွေကိုဖျက်ဆီးရတာဟာ စစ်ရေးအခြေအနေအရ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကေအိုင်အေဘက်က ဘီဘီစီကို ပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့အပတ်အတွင်းက တိုက်ပွဲတွေအတွင်း စစ်ရှောင်စခန်းမှာနေနေတဲ့ စစ်ဘေးရှောင် ၄၀ဝ အပါဝင် စုစုပေါင်း ၇၀ဝ ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေကြောင့် လူ ၃၀ဝ၀ ကျော် လောက်ပိတ်မိနေတဲ့ တနိုင်းဒေသဘက်မှာတော့ တပ်မတော်ဘက်က ပိတ်မိနေသူတွေကို တနိုင်းမြို့ပေါ်ရောက်အောင် ကူညီပေးနေတယ်ဆိုပေမဲ့ လူ ၂၂၀ဝ လောက်ကတော့ ပိတ်မိနေဆဲ ဖြစ်တယ်လို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။

ပိတ်မိနေသူတွေဟာ တနိုင်းနဲ့ မိုင် ၃၀ ခန့်အကွာ မှော်ထဲက နမ့်ကွန် ပလပ်ချောင်းဆိုတဲ့ နေရာမှာ အစိုးရစစ်တပ်နဲ့အတူ ရှိနေတာဖြစ်ပြီး ပိတ်မိသူတွေရဲ့ မော်တော်ဆိုင်ကယ် အစီး ၅၀ဝ လောက်ကို တပ်ဘက်က သယ်ဆောင် သွားခွင့်မပြုဘူးဆိုပြီး အဲဒီနေရာမှာ ပိတ်မိနေသူ တဦးကလည်း ဘီဘီစီကို ပြောပါတယ်။

တနိုင်းမြို့နယ်အတွင်းကဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းတိုက်ပွဲတွေကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။