စာရာမေတိ ဥယျာဉ်ကိစ္စ နာဂကန့်ကွက်

  • 31 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် San Sishii
Image caption စာရာမေတိတောင်

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီးမြို့နယ်မှာ ရှိတဲ့ စာရာမေတိတောင်နဲ့ ပတ်ဝန်းကျင်ဒေသကို စာရာမေတိအမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်မယ့် ကိစ္စကို မကူရီ နာဂလူငယ်များအစည်းအရုံးက ကန့်ကွက် ထားပါတယ်။

စာရာမေတိတောင်ဟာ မကူရီနာဂလူမျိုးတွေအတွက် အထွတ်အမြတ်ထားရာ တောင်ဖြစ်တဲ့အပြင် ရိုးရာ ကိုးကွယ် ယုံကြည်မှုအတွက်ပါ အရေးပါတဲ့ တောင်ဖြစ်တဲ့အတွက် ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ ဒီလိုဒေသကို အမျိုးသား ဥယျာဉ် အဖြစ် လျာထားမှု အပေါ် ကန့်ကွက်ရတာ ဖြစ်တယ်လို့ မကူရီနာဂ လူငယ်များ အစည်းအရုံးက ဥက္ကဋ္ဌ ဒေါ်ဆန်းစစ်ရှီက ဘီဘီစီကို ပြောပါတယ်။

သူတို့အဖွဲ့ကနေ စစ်ကိုင်းလွှတ်တော် ဥက္ကဋ္ဌဆီ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက တိုင်ကြားစာကို ပေးပို့ လိုက်တာဖြစ်ပြီး တိုင်ကြားစာ လက်ခံရရှိကြောင်း အကြောင်းပြန်ခဲ့ပေမယ့် ဒီကိစ္စအပေါ် အစိုးရဘက်က ဒေသခံတွေနဲ့ အခုထိ တိုင်ပင် ဆွေးနွေးမှုမရှိဘဲ အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်မယ့် ကိစ္စကို ဆက်လုပ်မယ့် သဘော မြင်တွေ့နေရတယ်လို့လည်း ဒေါ်ဆန်းစစ်ရှီက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဒေသအတွင်းမှာ ရေခဲတဲ့တောင် ဆိုလို့ စာရာမေတိတောင်သာ ရှိတဲ့အတွက် အဲဒီဒေသကို ခရီးသွားလုပ်ငန်းဆိုင်ရာ ဒေသသစ်အဖြစ် သတ်မှတ်နိုင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေနဲ့ လေ့လာမှုတွေ ပြုလုပ်နေတယ် လို့ ဇန်နဝါရီလ ၂၉ ရက်က ဆဲဗင်းဒေးသတင်းမှာ ဖော်ပြထားပါတယ်။

ဘိုးဘွားလက်ထက်ကတည်းက ရှိခဲ့တဲ့ ဒေသခံတွေရဲ့ အမွေအနှစ်တွေကို ဒေသခံတိုင်းရင်းသားတွေကပဲ စီမံအုပ်ချုပ်သင့်ပြီး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ဖျက်ဆီးမယ့် အစီအစဉ်ကို ဒေသခံတွေက လုံးဝ ခွင့်မပြုနိုင်ဘူးလို့ လေရှီးဒေသခံတဦး ကလည်း ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေနဲ့ မတိုင်ပင်ဘဲ အစိုးရဘက်က ဆက်လုပ်ဖို့ ကြိုးစားမယ်ဆိုရင် ဒါဟာ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ဆန့်ကျင်ရာရောက်လိမ့်မယ်လို့လည်း ဒေါ်ဆန်းစစ်ရှီက ပြောပါတယ်။

စာရာမေတိတောင်ကို အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ပါက တောင်ဧရိယာဝန်းကျင်က အနည်းဆုံး မြေဧက ၅ သောင်း ၅ ထောင်ကျော်ဟာ အမျိုးသား ဥယျာဉ်နယ်မြေ အဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။