မြစ်ကြီးနားမြို့အဝင်မှာ KIA နဲ့ တပ်မတော်တိုက်ပွဲဖြစ်

  • 3 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် SAW YAN NAING/BBC
Image caption ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာ့တပ်မတော်နဲ့ KIA တို့ နယ်စပ်တနေရာမှာ ဆွေးနွေးခဲ့အပြီး ၂ ရက် အကြာမှာ အခုလို တိုက်ပွဲ ဖြစ်

ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA တို့ မြစ်ကြီးနားမြို့အဝင်နားမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာ့တပ်မတော်နဲ့ KIA တို့ နယ်စပ်တနေရာမှာ ဆွေးနွေးခဲ့အပြီး ၂ ရက် အကြာမှာ အခုလို တိုက်ပွဲ ဖြစ်ခဲ့တာပါ။

မြစ်ကြီးနားမြို့ရဲ့ အနောက်မြောက်ဘက် ၅ မိုင်လောက် အကွာ တနိုင်းဘက်သွားတဲ့ လီဒိုလမ်းမပေါ်က နမ်ဗျင်ကျေးရွာ အနီးမှာရှိတဲ့ တံတားမှာ တံတားစောင့်တဲ့ အစိုးရတပ်ဖွဲ့နဲ့ KIA တို့ ၂ နာရီလောက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရတာ မရှိဘူးလို့ နမ်ဗျင်ကျေးရွာက သင်းထောက်ဆရာ ဦးလဂျာက ဘီဘီစီကို ပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်တဲ့ အသံတွေကို မြစ်ကြီးနားမြို့ပေါ်ကလဲ ကြားခဲ့ရပြီး တိုက်ပွဲဖြစ်အပြီး နေ့လည်ပိုင်းလောက်မှာ မြို့တွင်း စစ်ဆေးမှုနဲ့ လုံခြုံရေး တိုးမြှင့်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့အပြင် မိုးကောင်းနဲ့ နမ္မတီးဒေသတွေမှာလည်း ဖေဖော်ဝါရီလ ၂ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိခဲ့တယ်လို့လည်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG က ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ်မှာ အခုလို တိုက်ပွဲတွေ အပြန်အလှန် ပြင်းထန်လာတာဟာ မြန်မာ့တပ်မတော်ဘက်က ထိုးစစ်ဆင်မှုတွေ များလာတာကြောင့် ဖြစ်တယ်လို့ PCG အဖွဲ့ဝင် ဦးဆန်အောင်က ဘီဘီစီကို ပြောပါတယ်။

လတ်တလော တိုက်ပွဲတွေ အဓိက ပြင်းထန်နေတဲ့ တနိုင်းဒေသမှာ တရားမဝင် ရွှေနဲ့ ပယင်းတူးဖော်မှုတွေ များနေတာပြီး KIA ရဲ့ ဆက်ကြေးကောက်ခံမှုတွေလည်း ရှိနေတာကြောင့် ဒီတူးဖော်မှုတွေကို ရပ်စဲပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပေးဖို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် တဦးက ၂၀၁၇ခုနှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေး တခုမှာ အဆိုတင်သွင်းခဲ့ပေမယ့် ထောက်ခံမှုမရပဲ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဒီဒေသအတွင်း တိုက်ပွဲတွေ ဖြစ်မှုတွေ ဆက်ရှိနေပြီး ဒီလပိုင်းအတွင်းမှာတော့

လီဒိုလမ်းမတလျှောက်နဲ့ တနိုင်းဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိလာခဲ့တာ ဖြစ်ပါတယ်။

တနိုင်းမြို့နယ်တဝိုက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပယင်းမှော်နဲ့ ရွှေမှော်တွေမှာ လူတွေ ထောင်ချီ ပိတ်မိနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာကတော့ ဇန်နဝါရီလ ၃၀ ရက်နေ့က နေ ဖေဖော်ဝါရီလ ၂ ရက်နေ့အတွင်း တနိုင်းမြို့ပေါ်ကို တိုက်ပွဲကြောင့် ရောက်လာသူ ၆၀ဝ နီးပါးကို ကချင်ပြည်နယ် အစိုးရနဲ့ တပ်မတော်တို့ ပူးပေါင်းပြီး နေရပ်ပြန်ပို့ ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။