ဘင်္ဂလားဒေ့ရှ်ဘက်ကို မွတ်ဆလင်တွေ ဆက်လက် ထွက်ခွာ

  • 4 ဖေဖော်ဝါရီ 2018
Image caption ဂေါ်ဒူသာရ ပင်လယ် ကမ်းခြေက တစ်ဆင့် ဘင်္ဂလာဒေ့ရှ်ကို လှေတွေနဲ့ ထွက်ခွာ

မြန်မာနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးသွား သူတွေကို ပြန်လည် လက်ခံဖို့ စီစဉ် နေချိန်မှာ ရခိုင်ဘက်က မွတ်ဆလင် ကျေးရွာသား တွေဟာ နေ့စဉ် လိုလို ဘင်္ဂလာဒေ့ရှ် ကို ထွက်သွား နေရာမှာ လူပေါင်း ထောင်နဲ့ချီ ရှိနေပါတယ်။

အခု ထွက်ပြေး နေတဲ့ ကျေးရွာသား တွေဟာ ဘူးသီးတောင် မြို့နယ်နဲ့ ရသေ့တောင် မြို့နယ် မြောက်ပိုင်း ကျေးရွာ တွေက ဖြစ်ကြ တယ်လို့ သိရ ပါတယ်။

သူတို့ဟာ ရွာတွေ ကနေ မေယု တောင်ကို ဖြတ်ကျော်ပြီး မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ပင်လယ် ကမ်းခြေကို လာရောက်ကာ အဲဒီ ကနေ တစ်ဆင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံကို လှေတွေနဲ့ ထွက်ခွာ သွားကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့က ဆိုရင်လည်း တစ်ဘက် နိုင်ငံ ဘင်္ဂလာဒေ့ရှ်ကို လှေငယ် ၄ စီးနဲ့ ထွက်ခွာ သွားသူ ကျားမ စုစုပေါင်း ၂၁၅ ဦး ရှိတယ် လို့ သိရပါတယ်။

မောင်တောနဲ့ဘူးသီးတောင်က ကျောင်းဆရာမတွေကိုဆရာတွေနဲ့ အစားထိုး

လုံခြုံရေးအတွက် ပြည်တွင်းဒုက္ခသည်တွေ စိုးရိမ်နေ

အဲဒီ ပင်လယ် ကမ်းခြေမှာ ကျန်နေ ခဲ့တဲ့သူ ကျားမ ၉၃ ဦး ကျန်နေ ခဲ့ရာမှာ ဖေဖေါ်ဝါရီ ၄ ရက်နေ့ ညနေပိုင်းမှာ တစ်ခါ လူတွေ ထပ်မံပြီး ရာနဲ့ချီ ရောက်ရှိ လာတယ် လို့ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် အုပ်ချုပ်ရေးမှူး ပြောပါတယ်။

အခု ထွက်ခွာ လာကြတဲ့ မွတ်ဆလင် ကျေးရွာသား တွေဟာ ဘူးသီးတောင် မြို့နယ် သေကံခွဆုံ၊ ဆင်ခုံးတိုင်၊ အတွင်းငှက်သေ၊ ကျောက်ရံ၊ ဘုရားပြင် သိန်းတန်၊ ဖုံညိုလိပ်၊ သပိတ်တောင်၊ စေတီတောင်၊ ဖရုံချောင်း၊ အုတ်ဖို၊ ကွန်ဒိုင်၊ သိမ်တောင်ပြင်၊ စိမ်းညှင်းပြားနဲ့ ရသေ့တောင် မြို့နယ် မြောက်ပိုင်း အာကာတောင် စတဲ့ ကျေးရွာ တွေက ဖြစ်ကြ တယ်လို့ သိရပါတယ်။

စားဝတ်နေရေး အခက်အခဲ ဖြစ်လို့ ဘင်္ဂလာဒေ့ရှ်ကို ထွက်ခွာ သွားကြတယ်လို့ သေကံခွဆုံ မွတ်ဆလင် ကျေးရွာက အရပ်လူကြီး တစ်ဦး ဖြစ်သူ ဦးအယ်ဘာက ပြောပါ တယ်။

Image caption စားဝတ်နေရေး အခက်အခဲ ဖြစ်လို့ ဘင်္ဂလာဒေ့ရှ်ကို ထွက်ခွာ

စားဝတ်နေရေး အအခက် အခဲ ဖြစ်တာက တောင်တွေကို တက်ပြီး သစ်ဝါးတွေ သွား မခုတ်နိုင် သလို ကျေးရွာမှာလည်း အလုပ် မရှိတဲ့ အတွက် ဖြစ်တယ်လို့ ဦးအယ်ဘာက ဆိုပါတယ်။

ဒီလို ရပ်ရွာတွေ ကို စွန့်ခွာ နေကြတာနဲ့ ပတ်သက်ပြီး ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ကတော့ အစိုးရဆီက အကူ အညီ ပေးနေတာ ရှိပေမယ့်လည်း ရပ်ရွာ တွေကို စွန့်ခွာ နေကြတယ်လို့ ပြောပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက် အရ လွန်ခဲ့တဲ့ ဇန်နဝါရီ တစ်လတည်းမှာ အဲဒီ ကျေးရွာတွေက ဘင်္ဂလာဒေ့ရှ်ကို ထွက်ခွာ သွားသူ အရေ အတွက်ဟာ ၁၂၇၅ ဦးရှိပြီး ဇန်နဝါရီ ၄ ရက်နေ့ အထိ ထွက်ခွာ မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ သိရှိရ ပါတယ်။

ဆက်စပ် အကြောင်းအရာများ