နိုင်ငံရေးအကျဉ်းသား ကျန်းမာရေး စောင့်ရှောက်မှု စင်တာဖွင့်လှစ်

  • 6 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Nilar Thein FB
Image caption ဆရာဝန် တယောက်က တပတ်ကို ၂ ရက် ထိုင်ပေးမယ်

အစိုးရရဲ့ ထောက်ပံ့ ကူညီမှုနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ကျန်းမာရေး ပြုစု စောင့်ရှောက်မှု စင်တာကို ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှာ ဖွင့်လှစ် လိုက်ပါပြီ။

အခု အချိန်မှာ နိုင်ငံရေး အကျဉ်းသား တွေရဲ့ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု အတွက် အခက် အခဲ ရှိနေတဲ့ အခုလို ဖွင့်လှစ်ဖို့ ဖြစ်လာတာလို့ နိုင်ငံရေး အကျဉ်းသား ဟောင်း တဦးဖြစ်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

သတင်းစာ ဆရာကြီး ဦးဝင်းတင် ရှိတုန်းကတော့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ကူညီမှုတွေ လုပ်ပေးခဲ့တဲ့ အတွက် သိပ်ပြီး ပူစရာ မလိုပေမယ့် ဦးဝင်းတင် ကွယ်လွန်ပြီး နောက်ပိုင်း အခု အချိန် မှာတော့ လိုအပ်ချက်တွေ ရှိလာတာ ဖြစ်တယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

၈၈ နဲ့ ၉၆ မျိုးဆက် ကျောင်းသားတွေနဲ့ အန်အဲလ်ဒီက နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ စုပြီး အခုလို အကောင် အထည်ဖေါ် ဆောင်ရွက် ဖြစ်ခဲ့တာ လို့လည်း ပြောပါတယ်။

ဒီကျန်းမာရေး ပြုစု စောင့်ရှောက်မှု စင်တာမှာ ဆရာဝန် တယောက်က တပတ်ကို ၂ ရက် ထိုင်ပေးမှာ ဖြစ်ပြီး၊ နယ်က ဆေးကုဖို့ လာတဲ့ လူတွေ ကိုလည်း ဆရာဝန် ဆုံးဖြတ်ချက်နဲ့ ဒီစင်တာမှာပဲ တည်းခိုဖို့ အတွက်လည်း ပြင်ဆင် ထားတာ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Nilar Thein FB
Image caption ၈၈ နဲ့ ၉၆ မျိုးဆက် ကျောင်းသားတွေနဲ့ အန်အဲလ်ဒီက နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ စုပြီး အကောင် အထည်ဖေါ်

ဆေးရုံတက်ရမယ့် လူနာ၊ ဆေးစစ်ရမယ့် လူနာတွေ အတွက်ကိုတော့ ဆေးရုံတွေနဲ့ ချိတ်ဆက် ဆောင်ရွက်မှာ ဖြစ်ပြီး၊ အဲဒီလို ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု ဝန်ကြီးနဲ့လည်း ဆွေးနွေး ထားတယ်လို့ မဖြူဖြူသင်းက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေဟာ အချိန်အကြာကြီး အကျဉ်းကျခံခဲ့ရတာ ဖြစ်လို့ သာမန်လူတွေနဲ့ မတူတာမျိုးတွေ ရှိနေ ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို အခမဲ့ ကုသပေးမှာ ဖြစ်ပြီး အစိုးရကလည်း တစုံတရာ ကူညီပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ