ရိုက်တာ သတင်းထောက်တွေကို လေးကြိမ်မြောက် ရုံးထုတ်

  • 6 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption ရိုက်တာ သတင်းထောက် ဝလုံးကို လေးကြိမ်မြောက် ရုံးထုတ်

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ စွဲချက်တင် အဖမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ဦးဆောင် ဖမ်းဆီးခဲ့တဲ့ ဒုရဲအုပ် တင်ထွေးဦးက သူတို့ရဲ့ လေးကြိမ်မြောက် တရားရုံး ရုံးချိန်းမှာ ထွက်ဆိုချက် ပေးခဲ့ပါတယ်။

ဒုရဲအုပ် တင်ထွန်းဦးက သတင်းထောက်တွေကို ထောက်ကြံ့နားမှာ ဖမ်းဆီးခဲ့ပုံနဲ့ မောင်တောက တိုက်ပွဲဖြစ်စဉ်ရဲ့ ကျန်ရှိတဲ့ လက်နက် ခဲယမ်း စာရင်း၊ မိတ္တူ၊ တိုင်းရင်းသား ကျေးရွာတွေရဲ့ လူဦးရေ စာရင်း အချက်အလက် စာရွက်စာတမ်းတွေ၊ လက်ကိုင်ဖုန်းတွေကို သူတို့နဲ့အတူ သိမ်းဆည်း ရမိခဲ့တယ်လို့ ထွက်ချက် ပေးခဲ့ပါတယ်။

တရားခွင် ထွက်ဆိုချက်မှာ ဒုရဲအုပ်က အတိအကျ စာစီထားတဲ့ အချက်အလက်တွေ ဖတ်ပြခဲ့တဲ့အပေါ် ရိုက်တာ သတင်းထောက်တွေရဲ့ ရှေ့နေက မေးခွန်း ပြန်ထုတ်ရာမှာတော့ သတင်းထောက်တွေကို ဖမ်းပြီးပြီးချင်း ရေးမှတ်ထားတဲ့ မှတ်တမ်းစာရွက်ကို မီးရှို့ ဖျက်ဆီးခဲ့တာကြောင့်လို့ ထွက်ချက် ပေးခဲ့ပါတယ်။

ဖမ်းဆီး စစ်ဆေးခဲ့တုန်းကလည်း သတင်းထောက်တွေ ခြိမ်းခြောက် ခံခဲ့ရတာတွေ ရှိပြီး ရဲတွေရဲ့ ထွက်ဆိုချက်မှာ ကွဲလွဲချက် တချို့ ရှိနေတယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ရိုက်တာ အမှုမှာ တရားလို ထွက်ဆိုချက် ကွဲလွဲ

ဒါ့အပြင် သတင်းထောက် ၂ဦးကို ဖမ်းဆီးခဲ့စဉ် ရှာဖွေပုံစံ ဖြည့်သွင်းခဲ့တဲ့ နေရာနဲ့ သိမ်းဆည်းမိခဲ့တဲ့ ပစ္စည်း အမျိုးအမည် ၂၀လောက်ကို ရဲတွေက စိစစ်ခဲ့တဲ့ ကြာချိန်နဲ့ ပတ်သက်လို့လည်း တရားခွင်မှာ အပြန်အလှန် ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

တရားခွင်ကို သတင်းထောက် နှစ်ဦးရဲ့ မိသားစုဝင်တွေ အပြင် နိုင်ငံခြား သံတမန်တချို့နဲ့ မီဒီယာ အသိုင်းအဝိုင်းက လာရောက် နားထောင် ခဲ့ကြပါတယ်။

တရားခွင် အပြီးမှာတော့ တရားလိုပြ သက်သေရဲ့ ထွက်ဆိုချက်ဟာ မမှန်ကန်ဘူးလို့ သတင်းထောက် နှစ်ဦးစလုံးက အော်ဟစ် ပြောဆိုခဲ့ပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အစောပိုင်း ကတည်းက အဖမ်းခံ ထားရတာဖြစ်ပြီး အခု တရားရုံး ကြားနာ စစ်ဆေးမှုတွေကနေ အမှုဖြစ်စဉ် အမှန် ပေါ်လာလိမ့်မယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

သတင်းထောက် နှစ်ဦးကို လျှို့ဝှက် စာရွက်စာတမ်းတွေ ပေးခဲ့တဲ့ ရဲ နှစ်ဦးကိုတော့ ရဲလုပ်ထုံးလုပ်နည်း ဥပဒေ အရ အဖွဲ့ဖွဲ့ စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ဘီဘီစီကို ပြောထားပေမယ့် သူတို့တွေကို ဘယ်လို စစ်ဆေးနေတယ် ဆိုတာကိုတော့ တိတိပပ မပြောခဲ့ပါဘူး။

သတင်းထောက် နှစ်ဦးရဲ့ ဒီအမှုမှာ အခု တရားခွင်မှာ ထွက်ဆိုခဲ့တဲ့ ဒုရဲအုပ် အပါအဝင် တရားလိုပြ သက်သေ ၂၅ယောက်အထိ စစ်ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်းမှာတုန်းကတော့ သတင်းထောက် နှစ်ဦးရဲ့ အာမခံ လျှောက်ထားမှုကို ခရိုင် တရားရုံးက ငြင်းပယ်ခဲ့ပေမယ့် ရှေ့နေတွေ ကတော့ အာမခံကိစ္စကို တိုင်းတရားရုံးမှာ လျှောက်ထားဖို့ ပြင်ဆင် နေတယ်လို့ ပြောပါတယ်။