ဒုက္ခသည် လက်ခံရေး အစီအစဉ်တွေ သံတမန်တွေ လေ့လာ

  • 6 ဖေဖော်ဝါရီ 2018
Image caption အခုလ ထဲမှာပဲ ဒီလို ခရီးစဉ်မျိုးတွေ ထပ်ရှိ ဦးမယ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီး ဒုက္ခသည် ပြန်လည် လက်ခံရေး အတွက် မြန်မာ အစိုးရဘက်က ပြင်ဆင် ထားတာတွေကို မြန်မာပြည်တွင်းမှာ ရှိတဲ့ နိုင်ငံတကာ သံတမန်တွေ မြန်မာ အစိုးရ အစီအစဉ်နဲ့ သွားရောက် ကြည့်ရှု ခဲ့ကြပါတယ်။

တရုတ်၊ စင်္ကာပူ၊ အိန္ဒိယ သံအမတ်တွေနဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးက ပထမ အတွင်းဝန်တို့ အခု ခရီးစဉ်မှာ ပါဝင် ပြီး ကုလသမဂ္ဂရဲ့ ဌာနေ ကိုယ်စားလှယ်လည်း ဖေဖေါ်ဝါရီ ၆ ရက် နေ့ ရခိုင် ပြည်နယ် မြောက်ပိုင်း ခရီးစဉ်ကို အတူ လိုက်ပါ ခဲ့ပါတယ်။

ကုန်းလမ်းက ပြန်ဝင်လာမယ့်သူတွေကို လက်ခံမယ့် တောင်ပြိုလက်ဝဲ၊ ရေလမ်းက လာမယ့်သူတွေ အတွက် ငါးခူရနဲ့ ကြားစခန်း လှဖိုးခေါင်က အခြေအနေတွေကို အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်ပြီး နိုင်ငံတကာ သံတမန်တွေကို ပြခဲ့တယ် ဆိုပြီး အစိုးရပိုင် သတင်းဌာနတွေက ထုတ်ပြန် ပါတယ်။

အခုလ ထဲမှာပဲ ဒီလို ခရီးစဉ်မျိုးတွေ ထပ်ရှိ ဦးမှာ ဖြစ်ပြီး၊ ကျန်နေသေးတဲ့ သံရုံးတွေက သံအမတ်တွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့က တာဝန် ရှိသူတွေကို ရခိုင် မြောက်ပိုင်း အထိ ခေါ်သွားမယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောထားပါတယ်။

Image caption ရခိုင် မြောက်ပိုင်း အထိ ခေါ်သွား

ဒုက္ခသည် ပြန်လည် လက်ခံရေးကို ဇန်နဝါရီလလယ် ကတည်းက စတင်ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ သဘောတူ ထားပါတယ်။

ဒါပေမယ့်လည်းအခုချိန်ထိတော့ ဒုက္ခသည်တွေ ပြန်ဝင်လာတာမျိုး မရှိသေးပဲ ဖြစ်နေပါတယ်။

လိုအပ်တာတွေ ပြင်ဆင်ထားတယ်၊ ဖြည့်ရမယ့် လျှောက်လွှာ ပုံစံတွေ ပို့ထားတယ်၊ ပထမ အသုတ် အနေနဲ့ မွတ်ဆလင်နဲ့ ဟိန္ဒူ ဒုက္ခသည် ၁၂ဝဝ ကျော်ရဲ့ နာမည် စာရင်းတွေလည်း ဘင်္ဂလားဒေ့ရှ်ဘက် အသိပေးထားတယ်လို့ မြန်မာ အစိုးရက ပြောပါတယ်။

ဒုက္ခသည်တွေ အတွက် လုံခြုံရေး နဲ့ နိုင်ငံသား ဖြစ်ခွင့် တို့လိုမျိုး အခွင့်အရေးတွေ မြန်မာ ဘက်က အာမခံဖို့ လိုတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပြီး၊ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ UNHCR ကလည်း ဒုက္ခသည် လွှဲပြောင်းရေး အစီအစဉ်မှာ နိုင်ငံတကာ စံညွှန်းတွေနဲ့ ညီမညီ အနီးကပ် စောင့်ကြည့် နိုင်ဖို့ အပြည့်အဝ ပူးပေါင်း ပါဝင်လိုတယ် ဆိုပြီး တောင်းဆို ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာဘက်က ဒုက္ခသည် ပြန်လည် လက်ခံရေး ပြင်ဆင်မှု