ပါတီတာဝန်ယူထားရင် ပြင်ပအဖွဲ့အစည်းမှာ တာဝန်ယူတာမျိုး မလုပ်ဖို့လို

  • 7 ဖေဖော်ဝါရီ 2018
Image caption ပါတီ မူဝါဒတွေကနေ လွဲချော်တာမျိုး ဖြစ်မသွားအောင် ထိန်းချုပ်ထား

အစိုးရကို ဦးဆောင်ဖွဲ့ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပါတီဝင်တွေ အနေနဲ့ CSO လို့ ခေါ်တဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေနဲ့ လုံးဝ မပတ်သက်ရဘူး ဆိုပြီး ပါတီဘက်က ပိတ်ပင် မထားဘူးလို့ NLD ပြန်ကြားရေး တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ပါတီစည်းမျဉ်းအရ ပါတီဝင်တွေ အနေနဲ့ CSO တွေနဲ့ ပူးပေါင်း လုပ်ဆောင်ရမှာတွေ ရှိလာရင်တော့ ပါတီအလုပ်မှုဆောင် အဖွဲ့ကို အကြောင်းကြားရမှာ ဖြစ်တယ်လို့ NLD ပါတီ ဗဟို ပြန်ကြားရေး အတွင်းရေးမှူး မုံရွာ အောင်ရှင်က ဘီဘီစီကို ပြောပါတယ်။

ဒီ စည်းမျဉ်းကလည်း ၂ဝ၁၃ လောက်ကတည်းက ထုတ်ပြန် ထားနှင့်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Image caption CSO အဖွဲ့တွေမှာ တာဝန်ကြီးတဲ့ ဦးဆောင်မှု ကဏ္ဍမှာ မပါဝင်သင့်

တခြား အဖွဲ့အစည်းတွေနဲ့ ပူးတွဲ လုပ်တဲ့ အခါ ပါတီ မူဝါဒတွေကနေ သွေဖီလွဲချော်တာမျိုး ဖြစ်မသွားအောင် အခုလို စည်းကမ်း ထားရှိရတာ ဖြစ်တယ်လို့ ဦးအောင်ရှင်က ဆိုပါတယ်။

အဓိကကတော့ ပါတီတာဝန် တစ်ခု ယူထားသူတွေ အနေနဲ့ တခြား CSO အဖွဲ့တွေမှာ တာဝန်ကြီးတဲ့ ဦးဆောင်မှု ကဏ္ဍမှာ မပါဝင်သင့်ဘူးလို့ NLD ပါတီက ကန့်သတ် ထားတာ ဖြစ်ပါတယ်။

လူမှု ကူညီရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ NLD ပါတီဝင် တွေ အနေနဲ့ CSO တွေနဲ့ ပူးတွဲ လုပ်ဆောင်ဖို့ လိုအပ် လာတာမျိုးတွေ ရှိနေတယ် ဆိုပြီး ပါတီရဲ့ ကန့်သတ်ချက် ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ လိုတယ် ဆိုတဲ့ ထောက်ပြ ဝေဖန်သံတွေလည်း ရှိနေပါတယ်။