၇၁နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ဆင်နွှဲ

  • 12 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် MOI
Image caption ၇၁နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် အလံ အလေးပြုပွဲ အခမ်းအနားကို မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေး ကျောက်တိုင်ရှေ့မှာ ကျင်းပနေစဉ်

ဖေဖေါ်ဝါရီလ ၁၂ရက်နေ့မှာ ကျရောက်တဲ့ ၇၁နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို ရန်ကုန်မြို့မှာ ရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဌာနချုပ် အပါအဝင် မြန်မာနိုင်ငံ တဝန်းမှာ ရှိတဲ့ မြို့ကြီး အတော်များများမှာ ဆင်နွှဲခဲ့ပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ အစိုးရနဲ့ တပ်မတော်ရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော၊ ပြည်သူတွေပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အားလုံး ပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့သလို တိုင်းရင်းသား အချင်းချင်း အပြန်အလှန် ယုံကြည်မှု ရှိဖို့ လိုအပ်တယ်လို့ ဖေါ်ပြထားပါတယ်။

ပင်လုံစာချုပ်နှစ် ၇၀ပြည့် ဒေါ်စုတက်

NLD ပါတီ ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတာ နှစ် ၇၀လောက် ရှိသွားပြီ ဖြစ်ပြီး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ရှိနေသရွေ့ ဗမာ အပါအဝင် တိုင်းရင်းသား မျိုးနွယ်စုတွေ အနေနဲ့ ပြည်ထောင်စုရဲ့ အနှစ်သာရကို မခံစားနိုင်သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

နှစ်၇၀လောက် ရှိလာပြီ ဖြစ်တဲ့ ဒီလက်နက်ကိုင် ပဋိပက္ခကြီးကို နှစ်ပိုင်း လပိုင်းလောက်နဲ့ လုပ်နိုင်မှာ မဟုတ်ကြောင်းနဲ့ အခုလောက် တိုးတက်မှု ရှိလာတာကို သူ့အနေနဲ့ အားရကြောင်း ပြောပါတယ်။

ဒါပေမယ့် အပေးအယူတွေ အများကြီး လုပ်ရဦးမှာ ဖြစ်ပြီး ကိုယ်လိုချင်တာလည်း အပြည့်အဝ ရချင်မှ ရမယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ ဒီမိုကရေစီ ဖယ်ဒရယ်စနစ်နဲ့ သွားမယ် ဆိုရင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့် စတာတွေကို ပြောကြရမယ်၊ ဒီလို ပြောတဲ့အခါ အာဏာ ခွဲဝေရေးနဲ့ သယံဇာတ ခွဲဝေရေးကို အဓိက ဆွေးနွေးဖို့ လိုတယ်၊ ဒါတွေ ပြေလည်ရင် အတော်များများ ပြေလည်သွားမှာ ဖြစ်တယ်လို့ NLD ပါတီ ဗဟို ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ